မြန်မာ ပြည်မှာ ဒေါ်လာစျေးတွေ ထိုးတက်

  • 16 ဖေဖော်ဝါရီ 2011

အခု ရက်ပိုင်း အတွင်းမှာ မြန်မာ ကျပ်ငွေနဲ့ လဲလှယ်တဲ့ အမေရိကန် ဒေါ်လာနဲ့ FEC စျေးတွေ တရိပ်ရိပ် တက်လာ နေရာကနေ သုံးရက်လောက် အတွင်းမှာ တရှိန်ထိုး ထိုးတက် သွားခဲ့ပါတယ်။

Image caption စိုးရိမ် ပူပန်မှု တွေကြောင့် ဒေါ်လာ နဲ့ ရွှေ ဝယ်သူ များ နေ

လွန်ခဲ့တဲ့ ရှစ်လ လောက်ကနေ ပြီးခဲ့တဲ့ တစ်ပတ် အထိ မှာင်ခို စျေးကွက်မှာ တစ်ဒေါ်လာ စျေးနဲ့ FEC ခေါ် ဒေါ်လာ တစ်ယူနစ် စျေးဟာ ကျပ် ငါးဆယ် လောက် ကွာခြား ခဲ့ရာက အခုတော့ ကျပ် ၂၀ လောက်ပဲ ကွာတော့တဲ့ အထိ ဒေါ်လာ ယူနစ်စျေး ကလည်း တက်လာ ပါတယ်။

ဒေါ်လာ စျေးဟာ လွန်ခဲ့တဲ့ သုံးရက်လောက်က ၈၆၀ ကျပ် ရှိရာကနေ ၈၈၀ ကျပ်၊ ၉၀၀ ကျပ် အထိ ဖြစ်လာ ခဲ့ပြီး အင်္ဂါနေ့ ကတော့ ၉၁၀ ကျပ် နဲ့ စျေးပိတ် သွားခဲ့တယ်လို့ မြန်မာ ပြည်တွင်း ကုန်သည် လောက က ဒီအကြောင်းတွေ သိသူ တစ်ယောက် က ဘီဘီစီကို ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ ကျတော့ မနက်စျေးနဲ့ ညစျေး တောင်မတူဘဲ ညနေပိုင်းမှာ ၉၅၀ ကျပ် အထိ တက်သွား ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အလားတူ ရွှေစျေး တွေလည်း တက်သွားခဲ့ ရာမှာ အခေါက်ရွှေ တစ်ကျပ်သားကို ခြောက်သိန်း နှစ်သောင်း ကနေ အခု ရက်ပိုင်း အတွင်းမှာ ခြောက်သိန်း ရှစ်သောင်း အထိ တက်သွား ခဲ့တယ်လို့ စောစောက ပြောခဲ့တဲ့ ကုန်သည်လောက က အမျိုးသမီး က ပြောပါတယ်။

အခုလို ရက်ပိုင်း အတွင်း ရွှေစျေးနဲ့ ဒေါ်လာ စျေးတွေ ထိုးတက်လာတာဟာ အစိုးရသစ် ပေါ်လာတဲ့ အချိန်မှာ အပြောင်း အလဲတွေ ဖြစ်မှာကို စိုးရိမ် ပူပန်ကြတာက တစ်ကြောင်း၊ လခတွေတိုးမယ် ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာက တစ်ကြောင်းနဲ့ ဘဏ်တွေနဲ့ ပတ်သက်ပြီး တော့လည်း ကောလဟာလတွေ ထွက်နေ လို့ လက်ထဲမှာ ငွေကို ကိုင် မထားချင် ကြသူ တွေက ဝယ်ရ လွယ်ကူပြီး ပြန်ရောင်းရ လည်း လွယ်တဲ့ ဒေါ်လာနဲ့ ရွှေကို ဝယ်ယူကြလို့ ဖြစ်နိုင်တယ်လို့ ဦးခင်မောင်ညိုက သုံးသပ် ပါတယ်။