တိုင်းရင်းသား ဖက်ဒရယ် ကောင်စီ သစ်

  • 17 ဖေဖော်ဝါရီ 2011

ပြည်တွင်း ပြည်ပက တိုင်းရင်းသား အဖွဲ့ အစည်း တွေစုပေါင်းပြီး ဖေဖော်ဝါရီလ ၁၂ ရက် ကနေ ၁၆ ရက်နေ့ အထိ လွတ်မြောက် နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ညီလာခံကနေ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ကို ဖွဲ့စည်းလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖက်ဒရယ် ကောင်စီ ခေါင်းဆောင် ဖြစ်လာသူ ကေအန်ယူ စစ်ဦးစီးချုပ်

တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ညီလာခံကို ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံး၊ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ ချင်း၊ ပလောင်၊ ပအိုဝ်း၊ ကရင်နီ၊ မွန် ရခိုင်စတဲ့ တိုင်းရင်းသား အဖွဲ့ အစည်း ၁၅ ဖွဲ့က ကိုယ်စား လှယ် ငါးဆယ်ကျော် တို့ တက်ရောက် ခဲ့ကြ ပါတယ်။

တိုင်းရင်းသား တို့ရဲ့ တရားသော ခုခံ တော်လှန်ရေး ကို တရားဝင် အသိ အမှတ် ပြုမှု ပိုမို ရရှိ စေရေးနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ အဖြေ ရှာရေး စတဲ့ အခြေခံ မူ ဝါဒတွေ အရ ဖွဲ့စည်း လိုက်တဲ့ အဲဒီ ကောင်စီ မှာ ကေအန်ယူ အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး စေးဖောကို ဥက္ကဌ အဖြစ် တင်မြှောက်ပြီး ကေအိုင်အို အဖွဲ့က ဒုတိယ ဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်းနဲ့ ကေအန်ပီပီ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ဦးအေဘယ် တွစ် တို့ကို ဒုတိယ ဥက္ကဌ နှစ်နေရာမှာ တင်မြှောက် ခဲ့ကြပါတယ်။

အခု အချိန်မှာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ကို ဖွဲ့စည်းရတာက ပုံစံ အမျိုးမျိုးနဲ့ တည်ရှိ လှုပ်ရှား နေကြတဲ့ တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ စစ်ရေး အရရော နိုင်ငံရေး အရရော ညီညီ ညွတ်ညွတ် စုပေါင်းပြီး လက်တွဲ လုပ်ဆောင် နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်လာတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ် ဆိုတာဟာ မိမိကိုယ် မိမိ ခုခံကာကွယ်ဖို့ ကိုသာ အဓိက ထားတာ ဖြစ်တယ်၊ တိုင်းရင်းသား လူမျိုးတွေ နေထိုင်ရာ နယ်မြေတွေ အတွင်းမှာ နေထိုင်ကြတဲ့ လူမျိုး အသီးသီးကို ကာကွယ် စောင့်ရှောက်ရေး အတွက်သာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

ရွေးကောက်ပွဲ ပြီးစီးသွားတဲ့ နောက် လွှတ်တော် အစည်း အဝေး တွေကနေ အဆိုပြု ခန့်ထားကြတဲ့ အစိုးရသစ် ထဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်မှု နည်းပါး တာကိုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထောက်ပြပြီး လက်ရှိ စစ် အရာရှိတွေနဲ့ စစ် အရာရှိဟောင်းတွေရဲ့ အုပ်စိုးမှု အောက်မှာ တိုင်းရင်းသားတွေ အနေနဲ့ ကိုယ်ပိုင် အခွင့် အရေးတွေ ဆုံးရှုံး နေရတယ်လို့လည်း ပြောပါတယ်။

စစ်တပ်က ကြိုးကိုင် ထားတဲ့ အစိုးရက တိုင်းရင်းသား အရေးကို ကိုင်တွယ်တဲ့ နေရာမှာ အခုချိန်ထိ မှန်ကန်မှု မရှိသေးဘူး။ မကြာခင်မှာ လွှတ်တော်က ဖြစ်စေ၊ အစိုးရက ဖြစ်စေ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား တွေ အပေါ် ဖိအား ပေးလာ နိုင်တယ် ဆိုတာ ကြိုတင် ခန့်မှန်းမိတဲ့ အတွက် ခုခံ ရေး ပုံစံနဲ့ ပြင်ဆင် ထားတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။