ရောစ့် ဒန်ကလေ ကိစ္စ သြစတြေးလျ ထုတ်ပြန်

  • 18 ဖေဖော်ဝါရီ 2011

မြန်မာ တိုင်းမ်စ် သတင်းစာ အယ်ဒီတာချုပ် ရောစ့် ဒန်ကလေကို အင်းစိန် ထောင်ထဲမှာ ဖမ်းဆီး ထားတာနဲ့ ပတ်သက်ပြီး သြစတြေးလျ နိုင်ငံခြားရေး ဌာနက သောကြာနေ့ က ထုတ်ပြန် ကြေညာ လိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ရာဇဝတ်မှုတွေနဲ့ပါ မစ္စတာ ဒန်ကလေ စွဲဆိုခံနေရ

အသက် ၅၃ နှစ် အရွယ် မစ္စတာ ဒန်ကလေကို မြန်မာ အစိုးရက ဇန္နဝါရီလ ၂၀ ရက်နေ့က ပထမဆုံး ဖမ်းဆီး ခဲ့ပြီး တရားမစွဲဘဲ ပြန်လွှတ် ခဲ့တယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ အပတ် အင်္ဂါနေ့ တုန်းက နောက်တကြိမ် ဖမ်းဆီးပြီး တရားစွဲဆို ထားတယ်လို့ ထုတ်ပြန် ထားပါတယ်။

သူ့ကို လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဥပဒေနဲ့ရော ရာဇဝတ်ကြောင်း အရပါ တရားစွဲဆို နေတာ ဖြစ်တယ်လို့ သြစတြေလျ အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူ က ထုတ်ပြန် ကြေညာ ပါတယ်။

သြစတြေလျ အစိုးရ အနေနဲ့ သူ့ရဲ့ကျန်းမာရေးနဲ့ ထောင်တွင်းမှာ နေရတဲ့ အခြေ အနေတွေ ကောင်းမွန်ဖို့ အပြင် အမှုကို နိုင်ငံတကာ စံနှုန်း တွေနဲ့အညီ ဥပဒေ အတိုင်း ဆောင်ရွက်ဖို့ အဓိက လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

မစ္စတာ ဒန်ကလေနဲ့ ကမ္ဘာဒီးယား နိုင်ငံမှာ အတူတကွ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်နေတဲ့ မစ္စတာ David Amstrong ကတော့ သူ့မိတ်ဆွေ အတွက် စိုးရိမ် ပူပန်တယ်လို့ ဆိုပါတယ်။

မစ္စတာ ဒန်ကလေကို ဖမ်းဆီးခဲ့တဲ့ အချိန်ဟာ မြန်မာတိုင်းမ်စ် သတင်းစာရဲ့ အနာဂတ်ရေးနဲ့ ပတ်သက်ပြီး အစု ရှယ်ယာ ပိုင်ရှင်တွေ အချင်းချင်း အတော်လေး အခြေ အတင် ဆွေးနွေး နေကြတဲ့ အချိန် နဲ့လည်း တိုက်ဆိုင် နေတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဆွေးနွေးမှု အသေးစိတ် ကိုတော့ သူက မပြောခဲ့ပါဘူး။ မြန်မာတိုင်းမ်စ် ကို ပိုင်တဲ့ MCM ကုမ္ပဏီ မှာတော့ မစ္စတာ ဒန်ကလေကို ဖမ်းပြီးတဲ့ သီတင်းပတ် ကုန်မှာပဲ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းနဲ့ နီးစပ်တယ် ဆိုတဲ့ ဒေါက်တာ တင်ထွန်းဦးက အယ်ဒီတာချုပ် ရာထူး နဲ့ အမှုဆောင် အရာရှိချုပ် နေရာကို ရောက်လာ ပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေး အဖွဲ့ကို ဖယ်ရှား ပြီးခဲ့တဲ့ နောက်ပိုင်း ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တစ်ယောက် ဖြစ်တဲ့ ဗိုလ်မှူးချုပ် သိန်းဆွေရဲ့ သား ဦးဆန်နီဆွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ အစု ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို မြန်မာ အစိုးရက ဖိအားပေး ရောင်းခိုင်း ခဲ့စဉ် မစ္စတာ ဒန်ကလေက မြန်မာ လုပ်ငန်းရှင် တွေကို လိုက်ရောင်းခဲ့ ပေမဲ့ ဘယ်သူကမှ မဝယ်ရဲဘဲ ဦးတင်ထွန်းဦး ကသာ ဝယ်ယူ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ပ ရင်နှီး မြှုပ်နှံသူတွေ ပိုင်ဆိုင်တဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်း မှာလည်း မစ္စတာ ဘီလ် ကလောက် ဆိုသူက အဓိက ရင်းနှီး မြှုပ်နှံသူ ဖြစ်ပြီး လတ်တလောမှာ သူဟာ မစ္စတာ ဒန်ကလေနဲ့ အတူ အဲဒီ ရှယ်ယာ တွေကို ပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။

မစ္စတာ ကလောက်ဟာ မကြာသေးခင် နှစ်တွေ အတွင်း မြန်မာ နိုင်ငံမှာ တွင်းစား ရေနံ ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်ပြီး မစ္စတာ ဒန်ကလေ အဖမ်းခံရတဲ့ အခါ MCM ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ အဖြစ် တာဝန် ယူလိုက်တယ် လို့ သိရ ပါတယ်။