ကရင်နယ်ခြားစောင့်တပ် အခြေစိုက်စခန်းများ ပြင်

  • 19 ဖေဖော်ဝါရီ 2011
dkba ဓာတ်ပုံ မူပိုင် afp
Image caption DKBA တပ်ဖွဲ့ဝင်များ

ထိုင်း၊မြန်မာနယ်စပ်မှာ တဖက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ တချိန်ထဲမှာပဲ နောက် တဖက်မှာတော့ ဒီကေဘီအေ ကနေ အသွင် ပြောင်းလိုက်တဲ့ BGF နယ်ခြားစောင့် တပ်တွေ အတွက် တပ်ရင်းအဆောက်အဦး တွေ ကို နအဖ အစိုးရ က အကုန်ကျခံ ဆောက်လုပ် ပေးနေ ပါတယ်။

နအဖအစိုးရဟာ ဒီကေဘီအေ ကနေ အသွင် ပြောင်းလိုက်တဲ့ BGFနယ်ခြားစောင့်တပ်ရင်း ၁ဝ ရင်းအတွက် အဆင့်မှီ တပ်ရင်းတွေအဖြစ် တပ်ရင်းတရင်း အတွက် ကျပ်ငွေကြေး သိန်း ထောင်ပေါင်း အမြောက်အများ အကုန်ကျခံပြီး ဆောက်လုပ် ပေးနေတယ်လို့ ကန်ထရိုက် ရထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ နဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။

ဆောက်လုပ်ဖို့တာဝန်နဲ့ငွေတွေကို ဗိုလ်ချစ်သူနဲ့ ဗိုလ်မုတ်သုန်တို့ကို နအဖအစိုးရက ချပေးတယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ နီးစပ်တဲ့ သူတယောက်က ဘီဘီစီ ကို ပြောပါတယ်။ BGF နယ်ခြားစောင့်တပ်ရင်းတွ ေဆောက်လုပ်ဖို့ ထပ်ဆင့် ကန်ထရိုက်ရတာက၊ ကရင်ပြည်နယ် မြို့တော် ဘားအံ အခြေစိုက် ကုမ္ပဏီတခုက ရတယ် လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီဟာ ဆောက်လုပ် ရေးအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို၊ထိုင်းနဲ့တရုတ်ပစ္စည်းတွေ ကို တင်သွင်းဆောက်လုပ်တယ်လို့ ဆိုပါတယ်။

BGFနယ်ခြားစောင့်တပ်ရင်းတွေကို ဆောက်လုပ်ရာမှာ အဆင့်မှီ ခေတ်မှီအဆောက်အဦး တွေဖြစ်တယ်လို့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ နီးစပ်သူ က ပြောသွားတာက ဒီတပ်ရင်း တည်ဆောက်တဲ့ နေရာမှာ စစ်သားတွေနေဖို့အတွက် ဘားတိုက်တွေ ပါမယ်၊ စစ်လက်နက် သိုလှောင်ရုံ ပါမယ်၊တပ်ရင်း ဆေးခန်းပါမယ် လို့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့နီးစပ်သူက ဘီဘီစီ ကိုပြောပြတာ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ သဘောမတူတဲ့ ဒီကေဘီအေတွေက တလောတုံးက၊ကော့ကရိတ်မြို့အနားက တောစပ်တွေက BGF နယ်ခြားစောင့် တပ်စခန်းတွေ ကိုတိုက်ခိုက်ခဲ့ပါတယ်။