ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ထပ်ရ

  • 22 ဖေဖော်ဝါရီ 2011

ကနေဒါနိုင်ငံ အော်တာဝါမြို့က Carleton တက္ကသိုလ်က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဥပဒေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ အထူးအခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည် တဦးထည်းကို Carleton တက္ကသိုလ် ဆုချီးမြှင့်ရေးကော်မီတီက ရွေးချယ်ပေးအပ်ခဲ့တာလို့ တက္ကသိုလ် လူထုဆက်ဆံရေး ဌာန အကြီးအကဲက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စွမ်းရည်အားလုံးနဲ့ ပြည့်စုံသူဖြစ်ပြီး၊ နိုင်ငံတကာရဲ့ လေးစားမှုနဲ့ အထူးသဖြင့် ကနေဒါနိုင်ငံရဲ့ အထူးလေးစားမှုကို ခံရသူဖြစ်တယ်။

အများက စံပြုရတဲ့ ပုဂ္ဂိုလ် လူငယ်တွေ လေးစားအတုယူရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အခုလို ဘွဲ့ ချီးမြှင့်ခဲ့တာလို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံက ဘွဲ့တွေ ဆုတွေ အများကြီးချီးမြှင့်ထားခဲ့ပြီးဖြစ်ပါတယ်။

အဲဒီထဲမှာ ကနေဒါနိုင်ငံရဲ့ အမြင့်ဆုံးဖြစ်တဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်ကို ၂၀၀၇ ခုနှစ်က ချီးမြှင့်ခဲ့ပါတယ်။

Carleton တက္ကသိုလ်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက မြန်မာဒီမိုကရေစီရေးကို တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ တက္ကသိုလ် ဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ် ပက်ပစီ အချိုရည်ကုမ္ပဏီကို သပိတ်မှောက်ရာမှာ အရေးပါတဲ့ အခန်းက ပါဝင်ခဲ့တဲ့ တက္ကသိုလ်ဖြစ်တယ်လို့ ကနေဒါ မြန်မာမိတ်ဆွေများအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးတင်မောင်ထူးက ပြောပါတယ်။

ဒီကနေ့ အခမ်းအနားအတွက် နိုင်ငံတကာသံတမန်တွေနဲ့ အစိုးရအရာရှိတွေ စုစုပေါင်း လူ ၄၀၀ ခန့်ကို ဖိတ်ကြားထားပြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ဗွီဒီယို ပေးပို့ထားတယ်လို့ Carleton တက္ကသိုလ်က ပြောပါတယ်။