အသက်​နဲ့​ရင်း​လို့ စည်းစိမ်​ပုံ​လို့ အာမခံ

  • 23 ဖေဖော်ဝါရီ 2011

ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေ ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟ အသင်းဟာ အများစွပ်စွဲ နေသလို နိုင်ငံရေးဘက်မှာ အသုံးချဖို့ မဟုတ်ဘူး ဆိုတာ အသက်ရင်းလို့ တာ၀န်ခံတယ်၊ သူပိုင်သမျှ စည်းစိမ် ချမ်းသာ ပုံပေးပြီး တာဝန်ခံပါတယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။

Image caption သံဃာတော်တွေကတော့ ပြည်သူလူထုအတွက် မေတ္တာသုတ်ရွတ်လို့ စစ်အစိုးရကို သိစေခဲ့တယ်

အထက်က လူကြီးတွေခိုင်းလို့ နယ်စပ်ဒေသက တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြား အဖြစ် ကူးပြောင်း သွားနေတာတွေကို ဟန့်တား ကာကွယ်ဖို့ သက်သက်သာ ဖြစ်တယ်၊ နောက်ဆုံး အသင်းကို နိုင်ငံရေးအတွက် သုံးနေတယ် ဆိုတာကို သက်သေပြနိုင်ရင် သူ အသင်း ဥက္ကဌ တာဝန်ကနေ ထွက်လိုက်မယ်၊ အသင်းကို ဖျက်ဖို့ အာဏာရှိလည်း ဖျက်ပေး ပါမယ်လို့ ဦးခင်ရွှေက အာမခံပါတယ်။

အဆိုးချည်း မမြင်ကြဘဲ နည်းနည်းလေး အကောင်းမြင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာ ထွန်းကား ပြန့်ပွားဖို့ကို အသင်းရဲ့ ငွေနဲ့ ပံ့ပိုးကူညီ သွားမယ်၊ အဲဒီလိုတွေ လုပ်ကိုင်နိုင်ဖို့ အသင်းကို ဗဟိုအဆင့်ကနေ ကျေးရွာ အဆင့်ထိ အဆင့်ဆင့် ဖွဲ့စည်းဖို့ လုပ်ကိုင် နေတာပါလို့လည်း သူက ပြောပါတယ်။

ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟအသင်းမှာ ကြံ့ခိုင်ရေးပါတီက အသင်းဝင် ၂၀ ရာခိုင်နှုန်း လောက်တော့ ရှိနိုင်တယ်လို့တော့ ဦးခင်ရွှေရဲ့ အပြောအရ သိရပါတယ်။