ဒေါ်​စု​နဲ့ Egress လူ​ငယ်​တွေ ဆွေးနွေး

  • 24 ဖေဖော်ဝါရီ 2011

နိုင်ငံရေးသမားဆိုတာ မူဝါဒတခုကို ဆုပ်ကိုင်ထားဖို့ လိုတဲ့အကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် အခြေစိုက် အရည် အချင်း မြှင့်တင်ရေး သင်တန်းကျောင်း တခုဖြစ်တဲ့ Egress Myanmar က လူငယ်တွေကို ဒီကနေ့ သင်ကြား ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံရေးသမားဆိုတာ မူဝါဒတခုကို ဆုပ်ကိုင်ထားရမယ်လို့ဆိုတဲ့ ဒေါ်စု

ဟိုပါတီ မကောင်းလို့ ဒီပါတီပြောင်း၊ ဟိုဝါဒ မကောင်းလို့ ဒီဝါဒ ပြောင်းတယ်ဆိုတာ လွယ်လွယ် မလုပ်သင့်တဲ့ အကြောင်း၊ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ပါတီ သုံးလေးခု ပြောင်းပြီး အသက်ကြီးပေမယ့် အချိန်မစီးတဲ့သူတွေ ရှိနေတဲ့ အကြောင်း လူငယ်တွေကို ဒေါ်စုက ပြောခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ဒေါ်စုနဲ့အတူ ရှိနေခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

တနာရီကျော်ကြာ လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးမှုမှာ မျက်မှောက်ခေတ် နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေ ဖြစ်တဲ့ လွှတ်တော်တွေ ပေါ်လာတာ၊ အတိုက်အခံတွေ အနေနဲ့ လွှတ်တော်ထဲမှာ ပြောဆိုခွင့်တွေ ရှိလာတာ၊ ရာထူးရာခံ ရလာတာတွေကို လူငယ်တွေက ပြောဆို ဆွေးနွေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်တွင်းနိုင်ငံရေးရှိသလို လွှတ်တော်ပနိုင်ငံရေး လည်း ရှိတယ်ဆိုတဲ့ အကြောင်းနဲ့ သူနဲ့ NLD ပါတီဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကို ဆောင်ရွက်နေတဲ့ အကြောင်း၊ လွှတ်တော်တွင်း ရောက်ရှိနေကြတဲ့ ရွေးကောက်ပွဲ မတိုင်ခင်က လူထုက ကတိစကား အမျိုးမျိုး ပေးထားကြတဲ့ လွှတ်တော်အမတ်တွေရဲ့ ပြောရေးဆိုခွင့် ဘယ်လောက် ရှိကြတယ်၊ သူတို့ ပေးထားတဲ့ ကတိအတိုင်း တကယ် လုပ်ဆောင်တယ်၊ မလုပ်ဆောင်ကြဘူး ဆိုတာကို စောင့်ကြည့်သင့်တဲ့ အကြောင်း လူငယ်တွေကို သတိပေး ပြောကြားခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

တခါ တပ်မတော်သား လွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ ပါတီဝင်လွှတ်တော်အမတ်ပဲဖြစ်ဖြစ် နိုင်ငံရေး လုပ်ကြပြီဆိုရင် ပြည်သူလူထုကို ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံဖို့ လိုတယ်၊ အဲဒီလို တကယ် ဆက်ဆံလား မဆက်ဆံဘူးလားဆိုတဲ့ ပေတံနဲ့ တိုင်းတာ သင့်တယ်လို့ ဒေါ်စုက Egress Myanmar က လူငယ်တွေကို ရင်းရင်းနှီးနှီး သင်ကြား ပို့ချခဲ့တယ်လို့ သိရပါတယ်။

ပါဝင်ဆွေးနွေးခဲ့တဲ့ ဦးဝင်းထိန်ကလည်း လွှတ်တော်တွေဟာ လက်ရှိ စစ်အစိုးရရဲ့ ဗိုလ်ချုပ်ဟောင်းတွေကသာ ဦးစီးချုပ်ကိုင်ထားတဲ့အကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် လွှတ်တော်မှာ အမတ်တွေကို ပြောကြားခဲ့တဲ့ စကားတတ်တိုင်း ဆွေးနွေးတာမျိုးဟာ အကျိုးမထူးဘဲ အချိန်ကုန်တယ်ဆိုတဲ့ အပြောမျိုးဟာ အမတ်တွေရဲ့ ပါးစပ်တွေ ပိတ်ထားဖို့ ပြောတဲ့ သဘောဆောင်ကြောင်း ပြောတဲ့အပေါ် လူငယ်တွေက သဘောကျပြီး လက်ခံခဲ့ကြတဲ့အကြောင်း ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာမှာ Egress Myanmar က ဆရာတွေ အပါအဝင် လူငယ် ၁၁ ဦး ပါဝင်ပြီး၊ တနာရီကျော်သာ အချိန်ရလို့ လူငယ်တွေက နောက်ထပ်လည်း တွေ့ဆုံခွင့် တောင်းထားတယ်လို့ သိရပါတယ်။