စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ကို ကယ်နိုင်

  • 24 ဖေဖော်ဝါရီ 2011

ကချင်ပြည်နယ် ပူတာအိုမြို့ မြောက်ပိုင်းက ဖုန်ကန်ရာဇီ နှင်းတောင်ပေါ်မှာ တနင်္လာနေ့ ကတည်းက ပိတ်မိ နေခဲ့တဲ့ မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ နဲ့ အဖွဲ့ကို ကြာသပတေးနေ့က ကယ်တင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Image caption ရေခဲတောင် ကနေ ရန်ကုန်ကို ပြန်ရောက်ပြီး ဆေး ကုသ ခံယူနေ

အဲဒီ နှင်းတောင်ပေါ်မှာ ပိတ်မိနေခဲ့တဲ့ ဦးတေဇအပါ အဝင်စုစုပေါင်း ၆ ယောက်ကို ထိုင်းနိုင်ငံက ကျွမ်းကျင်သူအဖွဲ့က လာရောက် ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ် နိုင်ခဲ့ပြီး အခုတော့ ပူတာအိုမြို့ကနေ တဆင့် ရန်ကုန်မြို့ကို ပြန်ရောက် လာကြပြီ ဖြစ်ပါတယ်။

ရေခဲတောင် ပေါ်မှာ ရက်အတော်ကြာ ပိတ်မိ ခဲ့တဲ့အတွက် နှင်းကိုက်တဲ့ ဒဏ်ရာမျိုး ရတာ ရှိပေမဲ့ အားလုံး ကျန်းကျန်း မာမာ ရှိနေ ကြတယ်လို့ ဦးတေဇ ရဲ့ လက်ထောက် တစ်ယောက်က ပြောပါတယ်။ ဦးတေဇ အပါအဝင် သုံးဦးက ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေ တယ်လို့လည်း သူ့လက်ထောက်က ပြော ပါတယ်။

ရဟတ်ယာဉ် မောင်းသူ နှစ်ယောက် အပါအဝင် ကျန်တဲ့ သုံးယောက် က စင်္ကာပူက လာကြတဲ့ မြန်မာတွေဖြစ် တာမို့ စင်္ကာပူ နိုင်ငံကို ကြာသပတေးနေ့ကပဲ ပြန်သွားပြီလို့ လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံ ကရောက်လာတဲ့ ကျွမ်းကျင်သူ အဖွဲ့ တစ်ခုက ကြာသပတေးနေ့ မနက် ၇ နာရီလောက်က မိန်းကလေးတစ်ယောက်နဲ့ သိပ်နေ မကောင်းတဲ့ ရဟတ်ယာဉ်မောင်း တစ်ယောက် ကိုစတင် ကယ်ဆယ်နိုင်ခဲ့ပြီး ၉ နာရီလောက် မှာတော့ ဦးတေဇနဲ့ နောက် သုံးယောက် ကို ကယ်ဆယ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ သူတို့အားလုံး ပူတာအိုကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

သူတို့ ရဲ့ ရဟတ်ယာဉ် ကိုတော့ ပြန်လည် ယူဆောင်လို့ မရတော့ဘူး လို့ဆိုပါတယ်။

ဦးတေဇနဲ့ အဖွဲ့ဟာ ပူတာအိုမြို့ အနီးတဝိုက်ကို ခရီးထွက်တုန်း နှင်းမုန်တိုင်း မိပြီး ဖုန်ကန်ရာဇီ တောင်ပေါ်က ပေ ၁၃၈၀၀ အမြင့် ရှိတဲ့ နေရာ မှာ အရေးပေါ် ဆင်းသက် ခဲ့ရာကနေ နှင်းတောင် ပေါ်မှာ လေးရက်ကြာ ပိတ်မိ နေခဲ့ကြတာပါ။

ဗုဒ္ဓဟူးနေ့ တုန်းကတော့ သူတို့နဲ့ ပြန်လည် အဆက်အသွယ် ရခဲ့ပြီး၊ ထိုင်း နိုင်ငံက ကျွမ်းကျင်သူ အဖွဲ့က နောက်တစ်နေ့မှာ လာရောက် ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။