မြန်မာလူအခွင့်အရေးချိုးဖေါက်မှု ဒေသတွင်းနိုင်ငံတွေ ဝန်ပိ

  • 25 ဖေဖော်ဝါရီ 2011
Image caption မြန်မာဒုက္ခသည် အိမ်နီးချင်းနိုင်ငံတွေကို ဝန်ပိ

မြန်မာနိုင်ငံက အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ မြေယာသိမ်းမှု၊ မတရားဖမ်းဆီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် ထိုင်း မလေးရှား စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို မြန်မာနိုင်ငံသား အများအပြား ထွက်ပြေးလာကြတဲ့ အတွက် ဒေသတွင်းနိုင်ငံတွေမှာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ တိုမတ် အိုဟေးကင်တားနားက ဖေဖေါ်ဝါရီလ ၂၄ရက်နေ့က ဖေါ်ပြခဲ့ပါတယ်။

သူဟာ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင်ထားသူ ရှစ်သောင်းကျော်ရှိပြီး ခိုလှုံခွင့် လျှောက်ထားသူ တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား အများအပြားရှိတဲ့ မလေးရှားနိုင်ငံကို ရှစ် ရက်ကြာသွားရောက်ကာ အထူးသဖြင့် ချင်းတိုင်းရင်းသားတွေ အပါအဝင် မြန်မာဒုက္ခသည်တွေ၊ အကူအညီပေးအဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်း ခဲ့ပြီးတဲ့နောက် အခုလို ထုတ်ပြန်ခဲ့တာပါ။

ချင်းတိုင်းရင်းသားတွေအနေနဲ့ ပေါ်တာဆွဲမှု၊ အဓမ္မခိုင်းစေမှု၊ ဘာသာရေးအရ ဖိနှိပ်မှု တွေကြောင့် နိုင်ငံရပ်ခြားကို ထွက်ပြေးကြတာဖြစ်သလို လောလောဆယ် ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်မှုနဲ့ ထွက်ပြေးလာကြတာလို့ မစ္စတာကင်တာနားတွေ့ဆုံခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ချင်းဒုက္ခသည်ဆိုင်ရာကောင်စီ CRC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ချင်းလူမျိုး ဒုက္ခသည် အများဆုံးဖြစ်ပြီး စုစုပေါင်းခုနှစ်သောင်းခန့် ရှိပြီး မလေးရှားမှာ ဒုတိယအများဆုံး၊ ထိုင်းမှာ ရာဂဏန်းခန့်ရှိတယ်လို့ ဆိုပါတယ်။

မစ္စတာကင်တားနားဟာ သူဟာ နောက်ဆုံးအစီရင်ခံစာကို လာမဲ့လ မှာ ဂျီနီဗာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြမှာဖြစ်ပါတယ်။