အန်အယ်လ်ဒီနဲ့ အိုင်အယ်လ်အို အရာရှိတွေ့

  • 25 ဖေဖော်ဝါရီ 2011

မြန်မာ နိုင်ငံကို အင်္ဂါနေ့က စပြီး လေးရက်ကြာ ရောက်ရှိ နေတဲ့ အိုင်အယ်အို ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ အလုပ်သမား စံချိန်စံညွှန်း ဆိုင်ရာ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ဂိုင်းရိုက်ဒါနဲ့ အဖွဲ့ဟာ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်ကို သွားရောက်ပြီး အိုင်အယ်လ်အိုရဲ့ လုပ်ငန်းတွေကိစ္စ၊ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတို့ကို နှစ်နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။

Image caption အိုင်အယ်လ်အိုရဲ့ လုပ်ငန်းတွေ အတွက် မြန်မာ အစိုးရနဲ့ သဘောတူညီမှု သက်တမ်း ထပ်တိုး

မစ္စတာ ဂိုင်းရိုက်ဒါ နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အိုင်အယ်လ်အို ဆက်သွယ်ရေး အရာရှိ စတိဗ် မာရှယ်လ် တို့ ပါဝင်တဲ့ အိုင်အယ်လ်အို တာဝန်ခံ တွေက ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တွေ ဆွေးနွေး ခဲ့ကြစဉ် အဓမ္မ လုပ်အား ခိုင်းစေမှု၊ ကလေး စစ်သား အရေး တို့နဲ့ ပတ်သက်ပြီး မြန်မာ အစိုးရနဲ့ ထပ်တိုး သဘော တူညီ ချက် သက်တမ်း တိုးခဲ့ပြီး တာကို ရှင်းပြ ခဲ့ကြပါတယ်။ ဒါ့အပြင် အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းရေး နဲ့ ပတ်သက်လို့ မြန်မာ အစိုးရနဲ့ ဆွေးနွေး နေတာ ရှိတယ်လို့ အိုင်အယ်လ်အို က ပြောဆိုပြီး သူတို့ သဘောထား ကိုလည်း မေးခဲ့တယ်လို့ အန်အယ်လ်ဒီ က ပြောပါတယ်။

အန်အယ်လ်ဒီ ဘက်ကလည်း အိုင်အယ်လ်အိုက လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေ တိုးချဲ့ ဆောင်ရွက် တာကို ဒေါ်အောင်ဆန်း စုကြည်က အားရ တယ်လို့ ပြောခဲ့ကြောင်း ဆွေးနွေး ရာမှာ ပါဝင်ခဲ့တဲ့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အိုင်အယ်လ်အိုကို တိုင်ကြားဖို့ ကူညီသူတွေ အရေးယူ ခံရတာ ကို ပိုမို ထိထိ ရောက်ရောက် အကာ အကွယ်ပေးဖို့ အန်အယ်လ်ဒီက အကြံပြုခဲ့တယ်လို့ လည်း သူက ဆက် ပြောပါတယ်။

ဒါ့အပြင် အလုပ်သမား အခွင့် အရေး တွေဟာ ဘာတွေလဲ ဆိုတာနဲ့ အခွင့် အရေး ဖောက်ဖျက် ခံရတာတွေ ရှိလို့ တင်ပြ တိုင်တန်းကြတာဟာ ပြစ်မှု ကျူးလွန်တာ မဟုတ်ဘူး ဆိုတဲ့ ပညာပေးမှု တွေကို အိုင်အယ်လ်အို ဘက်က လုပ်ဆောင်ဖို့ ဆွေးနွေး ခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အိုင်အယ်လ်အိုနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ နဲ့ ပတ်သက်လို့တော့ လက်ကမ်း စာစောင်တွေကို တိုင်းပြည်ရဲ့ နေရာ အနှံ့ကို ရောက်ရှိအောင် လုပ်ဆောင်ရေးနဲ့ အလုပ် သမားတွေ လက်ထဲကို ရောက်ရှိအောင် အန်အယ်လ်ဒီက ကူညီမယ်လို့ ကမ်းလှမ်းခဲ့တာကိုလည်း အိုင်အယ်လ်အို ဘက်က သဘောတူတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။