အတင်း​ခိုင်း​ခံ​ရ​ရင် လူ​ငယ်​စစ်​သား တိုင်​နိုင်

  • 26 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံမှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အမှုဆောင် ဒါရိုက်တာ ဂိုင်းရိုက်ဒါ ရောက်နေတုန်းမှာပဲ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အုပ်စုတခု ဖြစ်တဲ့ လမ်းပြကြယ်က လူငယ်တွေ အသက်ပြည့်ပေမယ့် ကိုယ့်ဆန္ဒနဲ့ မိဘခွင့်ပြုချက် မပါဘဲ စစ်သားအဖြစ် စုဆောင်းခံရရင် ILO အကူအညီနဲ့ တိုင်ကြားနိုင်တယ်လို့ ထုတ်ဖော် ပြောကြားပါတယ်။

Image caption စစ်သားအဖြစ် စုဆောင်းခံရပေမယ့်လည်း အတင်းအကျပ်လုပ်လာရင်တော့ တိုင်နိုင်

လက်ရှိ သူတို့အနေနဲ့ အဲဒီလိုကိစ္စတွေမှာ ပတ်သက်ကူညီမှုတွေ ရှိနေတယ်လို့လည်း လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ လှိုင်သာယာက မောင်နောင်နောင် အတွက် ကူညီပေးနေကြောင်း၊ သုံးလကြာ နေခဲ့ပေမယ့် မထူးသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ပြည်သူတွေက ကင်းစောင့်ခိုင်းမှ၊ ဆည်ဖို့ခိုင်းမှ အဓမ္မလုပ်အားပေးခိုင်းတယ်လို့ မှတ်နေကြတယ်၊ တကယ်တော့ ကိုယ့်ဆန္ဒလည်း မပါ၊ မိဘခွင့်ပြုချက်လည်း မရှိဘဲနဲ့ စစ်တပ်ထဲ သွင်းလို့ လစာပေးစေဦး ဒါဟာ စစ်တပ်ထဲ အဓမ္မသွင်းတာ၊ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းတာ ဖြစ်တယ်လို့ ဦးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။

သူတို့လမ်းပြကြယ်အနေနဲ့ကတော့ လူ့အခွင့်အရေး ကိစ္စတွေကို နိုင်သလောက် ကူညီပေးနေ ပေမယ့် လူထုကို ထိထိရောက်ရောက် အသိပေးနိုင်တာမျိုး မရှိဘူး၊ လူတွေသိအောင် လုပ်ဖို့က ILO မှာ တာဝန်ရှိတယ်လို့ ဦးအေးမြင့်က ပြောပါတယ်။