လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ပါတီ ၁၁ ခု တောင်းဆို

  • 27 ဖေဖော်ဝါရီ 2011
Image caption အစိုးရသစ်တွေ ပေါ်လာတဲ့အခါတိုင်းမှာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလေ့ရှိပါတယ်

နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေး ကြောင့် ပြည်ပရောက်နေသူတွေ အားလုံး အတွက် အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့် ဥပဒေ ထုတ်ပြန်ပေးဖို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) အပါအဝင် ရွေးကောက်ပွဲ ဝင် ပါတီ ၁၁ ခုက စုပေါင်းပြီး မနေ့က သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အကြောင်း ပါတီ ၁၁ ခုက မနေ့က ဆွေးနွေးခဲ့ရာ၊ သူတို့အားလုံး အတွက် လွတ်ငြိမ်း ချမ်းသားခွင့်ပေးရေး တောင်းဆိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

အစိုးရသစ်တွေပေါ်လာတဲ့အခါတိုင်းမှာ သူတို့ရဲ့ စေတနာကို ဖေါ်ပြလိုတဲ့အခါ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလေ့ရှိကြောင်း၊ အခုလည်း ဒီကိစ္စကို အစိုးရက စဉ်းစားထား တယ်ဆိုရင် အဲဒါကို ကြိုဆိုပါကြောင်းနဲ့ မလုပ်ရသေးဘူးဆိုရင်လည်း အင်မတန်လုပ်သင့်ပါတယ်လို့ တင်ပြတာ ဖြစ်ပါတယ်လို့ ဦးသုဝေက ဆက်ပြောပါတယ်။

လွှတ်တော်တွေမှာ လူမျိုးစုပါတီတွေက တင်မယ့်ကိစ္စတွေကို ၁၁ ပါတီက ပြန်သုံးသပ်ပြီး တော့ အဆိုပြုနိုင်တာတွေပြုလုပ်ဖို့ ရှိကြောင်းလည်း ဦးသုဝေက ဘီဘီစီကို ပြောပါတယ်။