ILO နဲ့ အမေး အဖြေ

  • 27 ဖေဖော်ဝါရီ 2011
Guy Ryder ဓာတ်ပုံ မူပိုင် bbc burmese
Image caption ပေါ်လစီ မပြောင်းသမျှ မပပေျာက်နိုင်

ဘီဘီစီ။ ။ILOအနေနဲ့ မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေး စစ်သား စုဆောင်း မှုတွေကို တိုက်ဖျက် ရာမှာအကျိုး ရလာဒ် တွေရှိပေမယ့် တဖက်မှာတော့ မြေယာ အဓမ္မ အသိမ်း ခံရတာမျိုး၊ လုပ်သက် ပြည့်ပြီး စစ်တပ်ထဲက အနားယူခွင့် မရကြတာမျိုးလို မဖြေရှင်း နိုင်တဲ့ ပြဿနာတွေ လည်းအများကြီး ရှိနေပါ တယ်။ ဒီလိုပြဿနာတွေကို အချိန်အတိုင်းအတာ တခုအတွင်း ဖြေရှင်း နိုင်မယ်လို့ ယူဆပါလား။

Guy Ryder။ ။ မှန်ပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှု အခြေအနေဟာ အခုထိ တော်တော်ဆိုးနေပါသေးတယ်။ အိုင်အယ်လ်အို အနေနဲ့ ဆောင်ရွက်နိုင်တာက ပြည်သူတွေက တိုင်ကြားလာမှ အိုင်အယ်လ်အို ဆက်သွယ်ရေး အရာရှိကနေ အရေးယူဖြေရှင်းပေးနိုင်တာပါ။ ဒီစနစ် စတင်ခဲ့တဲ့ 2007 ခုနှစ်ကနေ ဒီနေ့အထိကာလအတွင်းမှာ တိုင်ကြားမှုပေါင်း ၆၄၀ ရခဲ့ပါတယ်။ ထူးခြားတာတခုကတော့ တိုင်ကြားတဲ့ အရေအတွက်ဟာ တနှစ်ထက်တနှစ် ပိုများများလာပါတယ်။

အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ အနက် အရေအတွက် အများဆုံးဖြစ်တဲ့ သုံးပုံနှစ်ပုံက ကလေးစစ်သား အသုံးပြုခိုင်းစေခြင်းပါ။

ဒီနေရာမှာ သိသိသာသာ တိုးတက်မှုရတာတခုကို ပြောရရင် ကျနော် မြန်မာပြည်ကို သွားခဲ့တဲ့ သုံးရက် အတွင်းမှာတင် ကလေး စစ်သား သုံးယောက်ပြန်လွတ်ခဲ့ပါတယ်။

တခြား အဓမ္မလုပ်အားပေးခိုင်းစေမှုတွေမှာတော့ ခင်ဗျားပြောသလို ဆိုးနေသေးတာမှန်ပါတယ်။ ပုဂ္ဂလိက အနေနဲ့ရော စစ်တပ်အနေနဲ့ပါ အဓမ္မလုပ်အားပေးခိုင်းစေနေတာဟာ ရှိနေပါသေးတယ်။ အထူးသဖြင့်တိုးပွားလာနေတာက အကျဉ်းသားတွေကို အဓမ္မခိုင်းစေနေတဲ့ ကိစ္စပါ။ ဒါကလည်း အရေးကြီးပါတယ်။

တကယ်တော့ မြေယာ အဓမ္မသိမ်းယူတဲ့ ကိစ္စတွေကလည်း အရေးပါတဲ့ ပြဿနာတွေဖြစ်နေတယ်ဆိုတာ အ မှန်ပါ။ ဒါနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတော်တော်များများ လက်ခံရရှိပါတယ်။ မြေယာပြဿနာဟာ သိပ်အရေးကြီးတဲ့ ပြဿနာပါ။ ဒါပေမဲ့ မြေယာသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အိုရဲ့ လုပ်ပိုင်ခွင့်ဟာ အကန့်အသတ်ရှိပါတယ်။

ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အိုက တကယ်ဆောင်ရွက်နိုင်တာက ပြဿနာတခုချင်းကိုင်တွယ်ဖြေရှင်းပေးနိုင်တယ်၊ လမ်းကြောင်းမှန်ပေါ်ရောက်လာအောင် လုပ်ယူနိုင်တယ်၊ အိုင်အယ်လ်အိုကို တိုင်လို့ရတယ်ဆိုတာကို လူတွေသိလာအောင်လုပ်လို့ရတယ်၊ ပညာပေးလို့ရပါတယ်။

တကယ်တန်းဒီပြဿနာတွေအားလုံးပပျောက်သွားဖို့ဆိုတာကတော့ ပေါ်လစီပြောင်းမှ ရမှာပါ။ အဲဒီအခြေအနေကို တနေ့မှာ ရောက်လာမယ်လို့ မျှော်လင့်ထားပေမယ့် အခုအထိကတော့ အဝေးကြီး လိုပါသေးတယ်။

ဘီဘီစီ။ ။ အခု Mr Ryder မြန်မာပြည်ကို သွားခဲ့တဲ့အချိန်ဟာ စစ်အစိုးရကနေ အရပ်သားပုံစံမျိုး အစိုးရတရပ်အသွင်ကို ပြောင်းနေတဲ့ အချိန်နဲ့လဲ တိုက်ဆိုင်နေ ပါတယ်။ဒီအခြေ အနေကြောင့်ILO ရဲ့လုပ်ငန်းတွေကိုပိုပြီး ထိရောက်အောင် လုပ်နိုင်ဖို့ အထောက်အကူ ဖြစ်မယ်ထင်ပါလား။

Guy Ryder။ ။ ဟုတ်ကဲ့ လက်ရှိကာလ နိုင်ငံရေးအခြေအနေဟာ ထူးခြားပါတယ်။ အခုအချိန်ဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလပါလို့ စစ်အစိုးရက အထပ်ထပ်အခါခါ ပြောနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ကတော့ အငြင်းပွားတာ၊ သဘောမတူကြတာတွေရှိတာပေါ့လေ။ ထားပါတော့ ။

ဒါပေမဲ့ ပါလီမန်လွှတ်တော် ပေါ်လာပါပြီ။ ဒါဟာ အတိတ်ကာလတုန်းက မရခဲ့တဲ့ လမ်းကြောင်းတချို့ ပွင့်လာတာလို့ ဆိုနိုင်ပါတယ်။ ဥပမာပြောပြပါမယ်။ အရင်က အလုပ်သမားတွေကို အဓမ္မခိုင်းစေမှုတချို့ကို ခွင့်ပြုထားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးပါလို့ ကျနော်တို့ နှစ်ပေါင်းများစွာကတည်းက ပြောခဲ့ဖူးပါတယ်။ အဲဒီတော့ အစိုးရကဘာပြောသလဲဆိုတော့ ဘဲရီးဆောရီးပါဗျာ။ ကျနော်တို့မှာ လွှတ်တော်မရှိလို့ ဥပဒေတခုကို ပြောင်းလို့ ပြင်လို့ မရပါဘူးလို့ ဆိုတယ်။ အခုလွှတ်တော်ရှိလာပြီ။ ဥပဒေကမပယ်ဖျက်သေးဘူး။ ဒီတော့ ပြီးခဲ့တဲ့ အပတ်က ကျနော်တို့ မေးတဲ့ အခါမှာ သူတို့ အခုဥပဒေကို ပြင်နေပါပြီလို့ ပြောပါတယ်။ ဒါဟာ လမ်းကြောင်းမှန်ပေါ်ရောက်လာတာလို့ ထင်ပါတယ်။

ဒါ့ထက်ပိုအရေးကြီးတာကို ပြောရရင် အလုပ်သမား သမဂ္ဂတွေဖွဲ့စည်းခွင့်ပေးဖို့ ဥပဒေပြဌာန်းဖို့ရည်ရွယ်ပါတယ် လို့ အခုအစိုးရကပြောပါတယ်။ ဒါမျိုးအရင်က မရှိခဲ့ပါဘူး။ အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့်ပေးဖို့ ဥပဒေမရှိလို့ ဖွဲ့ခွင့်မပေးခဲ့ဘူးလို့ဆိုပါတယ်။ အခုအလုပ်သမား သမဂ္ဂ ပေါ်လာရင် ဒါဟာ အရေးပါတဲ့ တိုးတက်မှု တခုဖြစ်လာမှာပါ။ အလုပ်သမား ဝန်ကြီးက ဒီဥပဒေကို အိုင်အယ်လ် အို သဘောတူညီချက် အပိုဒ် ၈၇ နဲ့ ကိုက်ညီအောင်ပြဌာန်းနိုင်ဖို့ ကော်မတီဖွဲ့စည်းနေတယ်လို့ဆိုပါတယ် ။ ဒီလိုပြင်ဆင်တာဟာ လပိုင်းပဲ။ နှစ်အထိမကြာစေရပါဘူးလို့လည်း ဆိုပါတယ်။

ဒီတော့ ဘယ်လောက် တိုးတက်မှုတွေရှိလာမယ်၊ ဥပဒေကို လက်တွေ့မှာ ဘယ်လိုကျင့်သုံးမယ်ဆိုတာတွေကို ကျနော်တို့ စောင့်ကြည့်ရမှာပါ။

ဘီဘီစီ။ ။ ရန်ကုန်မြို့ကိုရောက်တုန်းကဒေါ်အောင်ဆန်းစုကြည်နဲ့လဲသွားတွေ့ခဲ့ပြီး၊ အလုပ်သမားအသင်းအဖွဲ့တွေ ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့တယ် မဟုတ်လားခင်ဗျ။ ဒီတော့အမြင် သဘောထားချင်း မတူကြတဲ့ အစိုးရနဲ့ အတိုက် အခံတွေနဲ့ကြားမှာဒီကိစ္စကိုဘယ်လိုဆောင်ရွက်မှာပါလဲ။

Guy Ryder။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သောကြာနေ့မနက်က တွေ့ခဲ့တာ မှန်ပါတယ်။ မြန်မာနိုင်ငံအတွင်း အိုင်အယ်လ်အို ရဲ့ ဆောင်ရွက်ချက်တွေကို ကျနော်တို့ စူးစိုက်ဆွေးနွေးခဲပါတယ်။ အိုင်အယ်လ အိုအနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတဲ့ အကူအညီတွေပေးနိုင်ခဲ့တယ်လို့ သူက ယုံကြည်ပြီး ကြိုဆိုပါတယ်။

အိုင်အယ်လ်အိုရဲ့ လုပ်ငန်းနဲ့ လုပ်ပိုင်ခွင့်တွေကို လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီးတိုးချဲ့ရင် ပိုပြီး အကျိုးရှိမယ်လို့ သူက အကြံပေးပါတယ်။ အိုင်အယ်လ်အို အနေနဲ့က တိုင်ကြားလာတဲ့ အမှုတွေကို ဖြေရှင်းပေးတဲ့ နည်းစနစ်နဲ့ ဆောင်ရွက်တာပါ။ အဲသလို ဆောင်ရွက်ရာမှာလည်း နိုင်ငံရေးပုံစံနဲ့ မဟုတ်ဘဲ လူပုဂ္ဂိုလ်တယောက်ချင်းရဲ့ တိုင်ကြားလာတဲ့ အမှုကို ကူညီဆောင်ရွက်ပေးတာပါ။

ဒါပေမဲ့ လူတဦးချင်းစီရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေ ဖြစ်စေ တဦးချင်းပုဂ္ဂိုလ် တွေဖြစ်စေ ဒုက္ခရောက်နေတဲ့ သူတွေရဲ့ ကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ပေးမယ်ဆိုရင် ကျနော်တို့က ကြိုဆိုပါတယ်။ လိုအပ်တဲ့ အကူအညီတွေလည်း ပေးပါတယ်။

ကျနော်တို့ ရုံးခန်းကလေးက သေးပေမယ့် အားလုံးအတွက် တံခါးကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ် ကြိုဆိုတဲ့ မူကို ကျနော်တို့ ကျင့်သုံးပါတယ်။

ကျနော်တို့အနေနဲ့ လူတွေကို ပညာပေးဖို့ ကြိုးစားပါတယ်။ လူတွေပိုသိလာအောင်ကြိုးစားပါတယ်။ ကျနော်ရန်ကုန်ရောက်တဲ့ အချိန်မှာ နိုင်ငံတဝန်းက လူတော်တော်များများနဲ့ တွေ့ခဲ့သလို လူမှုရေး အဖွဲ့ အစည်း ၅၀ လောက်က လူတွေနဲ့ လည်း တွေ့ခဲ့ပါတယ်။ အဓမ္မလုပ်အားပေးဆိုတာဘာလဲ။ ကျနော်တို့ အနေနဲ့ ဘာတွေဆောင်ရွက်ပေးနိုင်လဲဆိုတာတွေကို ကျနော်တို့ ရှင်းပြခဲ့ပါတယ်။

လောလောဆယ် လပိုင်းတွေအတွင်း ဆောင်ရွက်ခဲ့တဲ့ အထဲက အထိရောက်နိုင်ဆုံးနည်းလမ်းတခုက သိပ်ရိုးရိုးရှင်းရှင်း ရေးထားတဲ့ စာရွက်လေးတွေကို ကျနော်တို့ ဖြန့်ဝေနိုင်ခဲ့တဲ့ အချက်ပါပဲ။ အဲဒီစာရွက် ကလေးတွေက အဓမ္မလုပ်အားပေးဆိုတာ ဘာလဲ၊ အဓမ္မလုပ်အားပေး ပြဿနာရင်ဆိုင်ရရင် လူတွေအနေနဲ့ ဘာလုပ်ရမလဲဆိုတာတွေကို ရှင်းပြထားတာပါ။

ဒါပေမဲ့ ကျနော်တို့ မြန်မာဘာသာ တခုနဲ့ပဲ ဖြန့်ဝေခွင့်ရပါတယ်။ တခြားတိုင်းရင်းသားဘာသာတွေနဲ့ ဖြန့်ဝေဖို့ကို အစိုးရက သိပ်မလိုလားပါဘူး။ ဘာ့ကြောင့် တိုင်ကြားတဲ့ အမှုတွေဟာ ၂၀၀၉-၂၀၁၀ နှစ်တွေမှာ ဘာ့ကြောင့် တနှစ်ထက်တနှစ် နှစ်ဆတိုးလာသလဲဆိုတော့ လူတွေကို ပညာပေးနိုင်ခဲ့လို့လို့ ကျနော်ယုံကြည်ပါတယ်။

ဒါ့အပြင် အဓမ္မလုပ်အားပေးခိုင်းစေတဲ့ အပြစ်ကျူးလွန်တဲ့ သူတွေကို အရေးယူအပြစ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အခုထိတော့ ကျနော်တို့ ဖြစ်စေချင်သလို ဥပဒေနဲ့ အရေးယူအပြစ်ပေးတာမျိုး မတွေ့ရသေးပါဘူး။ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။

ဘီဘီစီ။ ။ ဒါဆိုရင် ILO ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီရဲ့ အခန်းကဏ္ဍက ဘာလဲခင်ဗျ။

Guy Ryder။ ။ အိုင်အယ်လ်အိုရဲ့ ဆောင်ရွက်ချက်တွေထဲမှာ အန်အယ်ဒီ ရဲ့ သီးခြား အခန်းကဏ္ဍမရှိပါဘူး။ ကျနော်တို့ အနေနဲ့ နိုင်ငံရေး အရ ဘက်မလိုက်ဘဲ ကြားနေဆောင်ရွက် ဖို့ အ ထူး သတိထားပါတယ်။ ကျနော်တို့ အနေနဲ့ ကျနော်တို့ဆီကို ပြဿနာတိုင်ကြားလာတဲ့ လူပုဂ္ဂိုလ်တယောက်ချင်းရဲ့ အမှုကို တမှုချင်းစီ လက်တွေ့ကျကျ ဖြေရှင်းပေးပါတယ်။ လာတိုင်တဲ့ သူက ဘယ်သူဖြစ်ဖြစ်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ အရေးကြီးပြီးထင်ရှားတဲ့ လူပုဂ္ဂိုလ် တယောက် အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို စိတ်ပါဝင်စားသူတယောက်လို့ပဲ သဘောထားပါတယ်။