ရမ်း​ဗြဲ​မှတ်ပုံတင်​နဲ့​လူ ဗုံး​ခွဲတာလို့ဆို

  • 28 ဖေဖော်ဝါရီ 2011

ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီလောက်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျ တံတားအနီးက အောင်ဇေယျ အိမ်ရာဘေး ကွမ်းယာဆိုင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူ ရှစ်ဦး ဒဏ်ရာ ရသွားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လူရှစ်ယောက် ဒဏ်ရာရသွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ကွမ်းယာဆိုင်နေရာ

``ကွမ်းယာ၀ယ်ရင်းနဲ့ ကွမ်းယာဖိုး ထုတ်ပေးတဲ့ အချိန်မှာ ပေါင်ကြားထဲကနေ မီးခိုးတွေ ထွက်လာတယ်၊ ထွက်လာတော့ ကွမ်းယာသည် ကောင်မလေးက ကြောက်လန့်ပြီး ထွက်ပြေး သွားတယ်၊ အဲဒီမှာ ဗုံးစကွဲတာပဲ`` လို့ အောင်ဇေယျ အိမ်ရာမှာ နေသူတဦးက ဘီဘီစီကို ပြောပါတယ်။

``ကွမ်းယာသည် ကောင်မလေးကတော့ နားစည် ကွဲသွားတယ် ထင်တယ်၊ နားထဲကနေ သွေးတွေ ကျလာတယ်။ သူ့ဆီမှာ နောက် ဗုံးတလုံး ရှိသေးတယ် ဆိုပြီး ကြားတော့ ဘယ်သူမှ သူ့ကို မကပ်ရဲဘူးပေါ့။ နောက်မှ အနံ့ခံခွေးတွေ၊ ဘာတွေနဲ့ လာပြီး ရှာတော့မှ ကားအောက်က တလုံး ထပ်တွေ့တယ်လို့ ပြောတယ်`` လို့ သူက ဆိုပါတယ်။

ဗုံးသယ်လာသူဟာ ရခိုင် ရမ်းဗြဲမှတ်ပုံတင်နဲ့ ရခိုင်လူမျိုးတဦးဖြစ်ပြီး မှတ်ပုံတင်အရတော့ ဇော်လင်းထွန်း ဖြစ်တယ်၊ ရပ်ကွက်ထဲက သူ့အိမ်မှာ သွားရှာတော့ နောက်ထပ် ချိန်ကိုက်ဗုံး နှစ်လုံး တွေ့တယ်လို့ သိရပါတယ်။

``လူနာ ရှစ်ယောက် ရောက်ပါတယ်၊ ကျား လေးယောက်၊ မ လေးယောက်ပါ။ တယောက် ကတော့ ဒဏ်ရာ နည်းနည်း ပြင်းပါတယ်၊ ကျန်တဲ့ဟာတွေကတော့ သိပ်မဆိုးပါဘူး။ စိုးရိမ်စရာ မရှိပါဘူး`` လို့ အင်းစိန်ဆေးရုံက တာဝန်ကျ ဆရာဝန်က ဘီဘီစီကို ပြောပါတယ်။

``ဆိုးတဲ့တယောက်ကလည်း ကျနော်တို့ ဆေးဝါးကုသပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ထပ်လွှဲ ပေးထားပါတယ်။ လူနာတယောက်ကတော့ ခြေထောက်မှာ ထိတာ များတယ်၊ ကျန်တဲ့ ၇ ယောက်ကတော့ သိပ် မများပါဘူး`` လို့ ဆရာဝန်က ပြောပါတယ်။

ထိခိုက်သွားတဲ့ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးရဲ့ ဗိုက်ထဲက စပရိန်စနဲ့ သံစတွေ ခွဲထုတ်ခဲ့ရတယ်လို့ ထိခိုက်သူတွေရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အနားတဝိုက်မှာတော့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားသလို အနီးအနားက အိမ်တွေကိုလည်း သက်ဆိုင်ရာက အိမ်ထောင်စုစာရင်းတွေ လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။