လွှတ်တော်တွေမှာ ဥပဒေရေးရာ ကော်မတီတွေ ဖွဲ့စည်း

ဒီကနေ့ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ကနေ အဖွဲ့ဝင် ၁၅ ဦးစီပါဝင်တဲ့ ဥပဒေကြမ်းကော်မတီတွေကို ဖွဲ့စည်းလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption ဥပဒေကြမ်း ကော်မီတီမှာတော့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကသာ လွှမ်းမိုးထား

ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေမှာလည်း ဥပဒေပြုရေးဆိုင်ရာကော်မီတီနဲ့ တိုင်းရင်းသား ရေးရာ ကော်မီတီတွေကို အသီးသီးဖွဲ့စည်း ထားပြီး ဒေသအတော် များများက ကော်မီတီ တွေထဲမှာ ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်တဲ့ လွှတ်တော်ပြင်ပက ပုဂ္ဂိုလ် အတော် များများကိုလည်း ထည့်သွင်းထား တာကို တွေ့ရပါတယ်။

ပြည်နယ်နဲ့တိုင်း ဒေသတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေထဲကနေ မျှအောင်ရွေးချယ်ထားတာတွေ့ရပေမယ့်၊ နေပြည်တော်က ပြည်ထောင်စုနဲ့ အမျိုးသား လွှတ်တော်တွေမှာ ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်း ကော်မီတီမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကသာ လွှမ်းမိုးထားပြီး လွှတ်တော် ဒုတိယဥက္ကဌ တွေက ဥပဒေကြမ်းကော်မီတီ ဥက္ကဌတွေ ဖြစ်လာပါတယ်။

ဥပမာအောက် လွှတ်တော်မှာဖွဲ့ခဲ့တဲ့ ၁၅ ဦးကော်မီတီမှာကြံ့ခိုင့်ဖွံ့ဖြိုးရေးက ၁၀ ဦးပါတဲ့ အပြင်၊ ဥက္ကဌနဲ့အတွင်းရေးမှူး နေရာတွေကိုပါ ယူထားပါတယ်။

အမျိုးသားလွှတ်တော်က ၁၅ ဦးထဲမှာတော့ NDF ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး ပါဝင်တာကို တွေ့ရပါတယ်။ လွှတ်တော်ဒုတိယဥက္ကဌ တွေဖြစ်ကြတဲ့ ဦးမြငြိမ်းနဲ့ ဦးနန္ဒကျော် တို့ကို ဥပဒေကြမ်း ကော်မီတီဥက္ကဌတွေအဖြစ် ခန့်အပ်လိုက်တာတွေ့ ရပါတယ်။

ဥပဒေပြုရေးကော်မီတီရဲ့ တာဝန်နဲ့ ရပိုင်ခွင့်တွေမှာ ထူးခြားချက်က ဥပဒေကြမ်းနဲ့ ပတ်သက် ပြီး ဆွေးနွေးတာတွေကို ပြင်ပကို မပေါက်ကြားစေရဘူးဆိုတဲ့ အချက်ပါ။

ပြည်နယ်နဲ့တိုင်းတွေမှာတော့ ဥပဒေပြုရေး ကော်မီတီနဲ့ တိုင်းရင်းသားရေးရာ ကော်မီတီ ဆိုပြီး ကော်မီတီနှစ်ရပ်ကိုဖွဲ့ခဲ့ကြပါတယ်။ ဒီနေရာမှာလည်း အဓိက ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ဥက္ကဌ၊ အတွင်းရေးမှူး နေရာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကဘဲ ယူထားပါတယ်။

နေပြည်တော်က လွှတ်တော် အစည်းဝေးတွေကို ကြာသပတေးနေ့မှာ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။