မြန်မာစစ်အစိုးရ စကဒ်ဒုံးကျည် ထုတ်နေတယ်လို့ ဆို

Scud
Image caption စကဒ်ဒုံးကျည်များ

မြန်မာစစ်အစိုးဟာ မြောက်ကိုးရီးယားရဲ့ အကူအညီနဲ့ စကဒ်ဒုံးကျည်တွေ စတင် ထုတ်လုပ်နေပြီလို့ မြန်မာ့အရေး လေ့လာနေတဲ့ ထိုင်းအခြေစိုက် ထင်ရှားတဲ့ သတင်းထောက်တစ်ဦး ဖြစ်တဲ့ မစ္စတာ ဘာတေးလ် လင့်နာက Asia Times Online သတင်းမှာ ရေးသားဖော်ပြလိုက်ပါတယ်။

မကွေးတိုင်း မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနားက ကပစ ၁၀ အောက်က ဒီလက်နက်စက်ရုံဟာ တည်ဆောက်တာ ၁၀ နှစ်ကျော်ပြီဖြစ်ပေမယ့် မကြာခင်ကပဲ ပြီးစီးခဲ့တယ်လို့ မစ္စတာ လင့်နာက ဘီဘီစီကို ပြောပါတယ်။

ဒီစက်ရုံကနေ မြေပြင်ကနေ ဝေဟင်၊ မြေပြင်က မြေပြင်နဲ့ ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ရှိတာ သိရတဲ့အကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် တကယ့်လက်နက်အဆင့်ကိုရောက်ဖို့ကတော့ အချိန်လိုလိမ့်ဦးမယ်လို့ သူက ပြောပါတယ်။

''အခုအချိန်မှာဘယ်အဆင့် ကိုရောက်နေပြီဆိုတာကိုပြောဖို့ခက်ပါတယ်။ ဒါပေမယ့် တနှစ် ၂ နှစ်လောက် အတွင်းမှာ ဒုံးလက်နက်နမူ နာပုံစံကို ထုတ်လုပ်နိုင်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဒီလိုလက်နက်တွေ ထုတ်နေတာဟာ တကယ်သုံးဖို့ထက် အင်အားပြချင်တာက အဓိကဖြစ်ပါလိမ့်မယ်'' လို့ မစ္စတာ လင့်နာက ဘီဘီစီကို ပြောပါတယ်။

မြောက်ကိုးရီးယားရဲ့ ပါဝင်ပတ်သက်မှု

ဒီစကဒ်ဒုံးကျည်ထုတ်လုပ်မှုမှာ မြောက်ကိုးရီးယား ပါဝင် ပတ်သက်တယ်လို့ ပြောနိုင်တာဟာ မြောက်ကိုးရီးယားက သင်္ဘောတွေ မြန်မာပြည်ကို လစဉ်နီးပါး ဆိုက်ကပ်တာတွေက ပုံမှန်မဟုတ်ပဲ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ သယ်လာတာဖြစ်တယ်လို့ မစ္စတာ လင့်နာက ဆိုပါတယ်။

Image caption မြောက်ကိုးရီးယားရဲ့ စကဒ်ဒုံးကျည်

''အမေရိကန်ကနောက်ယောင်ခံ လိုက်ခဲ့လို့ပြန်လှည့်သွားတဲ့ Caman 1 သင်္ဘောလောက်ကိုဘဲအများသိကြပေမယ့် အဲဒီလိုသင်္ဘောတွေ အများကြီးပါ။ ကျွန်တော့်ဆီမှာ အဲဒီဆိပ်ကမ်းကို ပုံမှန်ကပ်နေတဲ့ မြောက်ကိုရီးယားက လာတဲ့ သင်္ဘော ဆယ်စင်း အစင်းနှစ်ဆယ်ရဲ့ စာရင်းရှိပါတယ်'' လို့ မစ္စတာ လင့်နာက ပြောပါတယ်။''

မြန်မာစစ်အစိုးရရဲ့ ဒုံးကျည်ထုတ်လုပ်ရေးကြောင့် ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်နိုင်သလို အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် ရတက်မအေးဖွယ် အခြေအနေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာအစိုးရဟာ နယူးကလီးယားလက်နက်ထုတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာမှာ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။