ဗြိတိန်က မြန်မာနိုင်ငံကို လေးနှစ်အတွင်း ဒေါ်လာ သန်းသုံးရာ ထောက်ပံ့မယ်

  • 3 မတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ရေခပ်ဆင်း ကြသူတွေ

လာမယ့် လေးနှစ်အတွင်း မြန်မာနိုင်ငံကို ပေါင် ၁၈၅သန်း ထောက်ပံမယ် ဆိုတာဟာ အရင် ထောက်ပံ့နေတာထက် ၂ဆ တိုးလာတာ ဖြစ်ပါတယ်။

ဒီထောက်ပံ့ငွေတွေကို ကျန်းမာရေး ၊ ပညာရေးနဲ့ လူမှုရေး ၊ လူထု အခြေပြု အဖွဲ့အစည်း တွေအတွက် သုံးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ DFID ကိုယ်စားလှယ် Paul Whittingham က ပြောပါတယ်။

မိခင်နဲ့ ကလေး စောင့်ရှောက်ရေး ၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ၊ ငှက်ဖျားရောဂါ ကာကွယ် တိုက်ဖျက်ရေး ၊ မူလတန်း အဆင့် ပညာရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်မှု ရှိအောင် ထောက်ပံ့တာ ဖြစ်သလို လူမှု အထောက်အကူပြု အဖွဲ့တွေကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အထောက်အကူတွေကို ကုလသမဂ္ဂ က တဆင့် သာမက တခြား လမ်းကြောင်း ကပါ အကူအညီ ပေးသင့်တယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အဲဒီအပေါ် မစ္စတာ ဝစ်တီဂမ်က ထောက်ပံ့ငွေ တချို့ကို ကုလသမဂ္ဂက စီမံ ခန့်ခွဲမှာ ဖြစ်သလို တချို့ကို နိုင်ငံတွင်းမှာ စီမံချက်တွေ ထောက်ပံ့နေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တွေကို ပေးမှာ ဖြစ်ပါတယ် ၊ တချိန်တည်းမှာ တခြား လူထု အခြေပြု အဖွဲ့အစည်းတွေ လူမှုရေးနဲ့ ဒေသ အထောက်အကူပြု အန်ဂျီအို အဖွဲ့ တွေကို ပံ့ပိုးသွားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလို ပံ့ပိုးရာမှာ တက်နိုင်သမျှ လိုအပ်သူတွေကို အထောက်အကူ ပြုနိုင်အောင် ဟန်ချက်ညီညီ ဆောင်ရွက်မှာ ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ပြည်တွင်းမှာသာမက နယ်စပ်က ဒုက္ခသည်တွေနဲ့ ပြည်တွင်းကနေ နယ်စပ်ကို စွန့်ခွာ ထွက်ပြေးလာတဲ့ ရွာပုံး ရွာရှောင် ရွေ့ပြောင်း နေထိုင်ရသူတွေလည်း နယ်စပ် ဖြတ်ကျော် အကူအညီ ပေးမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေမှာ ဘယ်အဖွဲ့အစည်း ကို ထောက်ပံ့မယ် ဘယ်အဖွဲ့ကို မထောက်ပံ့ဘူး ဆိုတာကို မဆွေးနွေးချင် ပေမယ့် လူတဦးချင်းစီကို ကိုယ်ဖာသာကိုယ် ရပ်တည်နိုင်အောင် အလေးထား အားပေးဖို့ ရည်ရွယ် ဆောင်ရွက် နေပါတယ်လို့ ရှင်းပြခဲ့ပါတယ်။

အဲဒီလို အကူအညီပေးရင်း လူမှု အသိုင်းအဝိုင်းကို ပိုပြီး အားကောင်း လာစေနိုင်ပါတယ်။

တဦးနဲ့ တဦး ပြောဆို ဆက်သွယ်မှုတွေ ၊ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုတွေ ၊ ဆုံးဖြတ်နိုင်စွမ်းတွေ တိုးတက်လာပြီး အခြေခံ လူတန်းစားနဲ့ ထိတွေ့ ဆက်သွယ် နေတဲ့ အဖွဲ့အစည်းတွေရဲ့ စီမံခန့်ခွဲမှု အပါအဝင် လုပ်ရည်ကိုင်ရည်တွေကို အားကောင်းလာစေတယ်လို့ သူက ပြောပါတယ်။

ဒါတွေဟာ မြန်မာနိုင်ငံမှာ ရေရှည်အားဖြင့် ဒီမိုကရေစီကို ဦးတည်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ဖို့ အခြေခံတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အားကိုးလောက်တဲ့ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး ဆိုင်ရာ အချက်အလက်တွေကို ရဖို့ ခက်ခဲတဲ့ အတွက် သူတို့ ထောက်ပံ့တဲ့ ငွေတွေကို လိုအပ်တဲ့ လူတွေ လက်ထဲ ရောက်ပြီး အကျိုးရှိရှိ အသုံးချ နိုင်ကြောင်း သေချာအောင် အလေးအနက် စီစစ် လုပ်ကိုင်သွားမယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ DFID အကြီးအကဲ Mr. Whittingham က ဘီဘီစီကို ပြောကြားသွားခဲ့ပါတယ်။