တောင်သူလယ်သမား အခွင့်အရေး တောင်းဆို

  • 2 မတ် 2011

မတ်လ ၂ ရက် တောင်သူ လယ်သမားနေ့မှာ လယ်သမား၂၀၀ ကျော်လောက်က ရန်ကုန်တိုင်း ခရမ်းမြို့မှာ တွေ့ဆုံပြီး လယ်သမားတွေ လယ်ပိုင်ခွင့် အပါအ၀င် အစိုးရသစ်က လုပ်ဆောင်ပေးရမယ့် အချက် ၆ ချက်ကို တောင်းဆို လိုက်ကြ ပါတယ်။

Image caption မြန်မာ လယ်သမားတွေဟာ စိုက်ပျိုး စရိတ် မရှိ တာက စပြီး အခက် အခဲတွေ ကြုံရ

ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မိတ္တီလာ မြို့နယ် အတွင်း ခရမ်း၊ သုံးခွ၊ သန်လျင်၊ က၀ ၊ ဇလွန်၊ ပဲခူး၊ မိတ္တီလာ၊ တောင်ဒဂုံ နဲ့ကွမ်းခြံကုန်း စတဲ့ ကိုးမြို့နယ်က လယ်သမား အရေး လုပ်ဆောင် ပေးနေကြသူတွေနဲ့ မြန်မာပြည် အနှံ့အပြား က တောင်သူ လယ်သမား တွေပါဝင် ပါတယ်။

လယ်သမားတွေက သူတို့ လုပ်ကိုင်စားသောက် နေကြတဲ့ လယ်မြေ တွေကို ကိုယ်ပိုင် ရောင်းချ ပေါင်နှံခွင့် ရရှိရေး နဲ့ လယ်သိမ်းခံ တောင်သူတွေ အတွက် နစ်နာကြေး ရရှိရေး တို့ အပါအ၀င် တောင်းဆိုချက် ၆ချက်ကို လာမယ့် အစိုးရသစ်က ဆောင်ရွက်ပေးဖို့ လိုလားတာ ဖြစ် ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မိတ္တီလာ အန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက အစိုးရမြေရှင် စနစ် ဖျက်သိမ်းပေးဖို့ လိုအပ် တယ်ဆိုတာကို အဓိက ထား ဆွေးနွေး ခဲ့ကြ တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိလို့ မြန်မာ နိုင်ငံက လယ်သမား အများ အပြားဟာ သူတို့ စိုက်ပျိုး နေတဲ့ လယ်တွေ အသိမ်းခံကြရတဲ့ အတွက် အခုလို တောင်းဆို ချက်တွေ ထွက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ မျိုးကောင်း မျိုးသန့်တွေ ရရှိရေး၊ ရလာတဲ့ ပစ္စည်းတွေ မှာလည်း အတုအပတွေ မလုပ်နိုင်အောင် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရေး၊ အာဏာပိုင် တွေနဲ့ လယ်ယာသုံး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပေါင်းပြီး လယ်သမား တွေကို လယ်ယာသုံး ပစ္စည်းတွေ အတင်း အကြပ် ရောင်းချမှု တားမြစ် ပေးဖို့ နဲ့ ခေတ်မီ စိုက်ပျိုး နည်းပညာတွေ ကို အစိုးရက ဖန်တီးပေးဖို့ စတာတွေကို တောင်းဆို ခဲ့ကြပါတယ်။

လယ်သမားတွေရဲ့ လိုအပ်ချက် တွေကို တောင်းဆို ဆောင်ရွက်နိုင်ဖို့ တောင်သူ လယ်သမား ကွန်ယက်တွေ ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့ဖို့လိုအပ် တယ်လို့ တွေ့ဆုံပွဲကို စီစဉ်သူ လည်းဖြစ် လယ်သမား အရေး ဆောင်ရွက်သူလည်း ဖြစ်တဲ့ ရှေ့နေ ဦးသန်းဆွေက ပြောပါတယ်။