ရှမ်း တပ်ဖွဲ့ နဲ့ ပအိုဝ်း တပ်ဖွဲ့ တွေ တိုက်ပွဲ ဖြစ်

  • 2 မတ် 2011
shan
Image caption ရှမ်းပြည် တပ်မတော် နဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ကြား တိုက်ပွဲ ဖြစ်

မကြာသေးခင် ရက်ပိုင်းက ရှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အရှေ့ဘက် နမ့်ဇန် မြို့နယ်ထဲမှာ အခြေစိုက်တဲ့ ဗိုလ်မှူးကြီး အောင်ခမ်းထီရဲ့ ပအိုးဝ် အမျိုးသား အဖွဲ့ချုပ် ပီအဲန်အို တပ်ဖွဲ့တွေနဲ့ အက်စ်အက်စ်အေ တောင်ပိုင်း တပ်ဖွဲ့ တို့ကြား မှာ ၇ နာရီကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဆက်တိုက် ပစ်ခတ်ခဲ့ ကြတယ်လို့ ဒေသခံတွေက ပြောပြတဲ့ အတွက် အဲဒီ ပစ်ခတ်မှုက တော်တော်လေး ပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။

နမ့်ဇန်ရဲ့ တောင်ဘက် နောင်ဟဲန့် မှာ အခြေစိုက်နေတဲ့ ပြည်သူ့စစ် အသွင်ပြောင်း (PNO) တပ်ဖွဲ့ စခန်းကို အက်စ်အက်စ်အေ တောင်ပိုင်းရဲ့ နယ်လှည့် စစ်ကြောင်း တစ်ကြောင်းက အရင် ဝင်ရောက် တိုက်ခိုက်ရာကနေ စတင် ဖြစ်ပွား တာလို့ သိရ ပါတယ်။

အက်စ်အက်စ်အေ ပြောရေးဆိုခွင့် ရှိသူ စိုင်းဆိုင်မိန်းက အဲဒီပြည်သူ့စစ် အဖွဲ့ရဲ့ မူးယစ်ဆေးဝါး စက်ရုံ ရှိတယ် ဆိုတာ သတင်းရတဲ့ အတွက် သူတို့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီအရ မူးယစ် ဆေးဝါး စက်ရုံ ကို ပဲ စနစ်တကျ ဝင်ရောက် တိုက်ခိုက်တာလို့ ပြောပါတယ်။

စိုင်းဆိုင်မိန်း ရဲ့ အဆိုအရ အဲဒီတိုက်ပွဲမှာ ပီအဲန်အိုဘက်က အင်အား ၄၀ ကျော် ၅၀ နီးပါး ရှိပြီး အက်စ်အက်စ်အေ ရဲ့ လူအင်အား ကိုတော့ ထုတ်ဖော် မပြောခဲ့ပါဘူး။

အဲဒီပစ်ခတ်မှုမှာ ပီအဲန်အို ဘက်က တပ်သား ၆ ယောက် သေဆုံးပြီး အက်စ်အက်စ်အေ ဘက်ကတော့ ကျဆုံးမှု မရှိဘူး လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် အက်အက်စ်အေ က အဲဒီ ဘိန်းချက် စက်ရုံ ကနေ ဘိန်းစိမ်း ပိဿာချိန် ၁၀၀ ကျော်၊ ဘိန်းဖြူချက် လုပ်တဲ့ ဓါတု ဆေးရည် ပေပါ ၅ ပုံး နဲ့ လက်နက် တချို့ ရရှိတယ် လို့ စိုင်းဆိုင်မိန်း က ပြောပါတယ်။

ပီအဲန်အို ဘက်ကို ဘီဘီစီ က ဆက်သွယ် ခဲ့ပေမဲ့ တုန့်ပြန် ပြောဆိုခြင်း မရှိခဲ့ပါဘူး။