မြန်မာ မူးယစ်ဆေးဝါးတိုက်ဖျက်မှု မအောင်မြင်လို့ အမေရိကန်ပြော

  • 4 မတ် 2011

မြန်မာ၊ ဘိုလစ်ဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတို့ဟာ ပြီးခဲ့တဲ့ နှစ် အတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရေးမှာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူးလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာသစ်ထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် တိုက်ပွဲတွေ ဖြစ်တာနည်းအောင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုတွေမှာ အကြီးအကျယ် ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို မတားဆီးဘဲ ထားခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ရွှေတြိဂံနယ်မြေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့ပေမယ့် အာဖဂန်နိုင်ငံပြီးရင် ကမ္ဘာ့ မှာ ဒုတိယအများဆုံး ဘိန်းထုတ်လုပ်နေရာ နိုင်ငံဖြစ်နေဆဲလို့ ဆိုပါတယ်။

ဒါအပြင် အန်မ်ဖက်တမိန်း စိတ်ကြွဆေးမျိုး မူးယစ်ဆေးနဲ့ ဆေးခြောက် ရောင်းဝယ်မှုတွေ ပိုများနေပြီး မြန်မာနိုင်ငံမှာ ၂၀၀၉ က ဆေးပြား ၁၃ သန်းကျော် ဖမ်းဆီးခဲ့ပေမဲ့ ၂၀၁၀ ခုနှစ် ဂျန်နဝါရီလကနေ အောက်တိုဘာလ အတွင်း ဖမ်းဆီးခဲ့တဲ့ ဆေးပြား အရေအတွက်ဟာ ၁ သန်း ၈သိန်းသာ ရှိပါတယ်။

မြန်မာ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားရာ အဓိက စျေးကွက်ကြီးဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ၂၀၁၀ ခုနှစ်က စိတ်ကြွဆေးပြား ၃၂ သန်းကျော် ဖမ်းမီခဲ့ပါတယ်။

၂၀၀၉ ခု မြန်မာအစိုးရက အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဖိအားပေးလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုတွေမှာ အထူးသဖြင့် ရှမ်းပြည် အရှေ့ပိုင်း မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက နအဖ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဌာနေပြည်သူစစ်တွေ ပိုပြီးပါဝင်ပတ်သက်လာတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က ဘီဘီစီကို ပြောပါတယ်။

သူတို့ဟာ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းကနေ ဘိန်းဖြူ ထုတ်လုပ်မှု၊ ရာဘဆေးပြားနဲ့ အန်မ်ဖက်တမိန်းစိတ်ကြွဆေးတွေ ထုတ်လုပ်နေကြပြီး မြန်မာစစ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

မြန်မာအစိုးရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အာဖဂန်နစ္စတန်၊ ကိုလမ်ဘီယာနဲ့ မက္ကဆီကို နိုင်ငံတို့ အပါအဝင် မူးယစ်ဆေးဝါး တွေ တရားမဝင် ထုတ်လုပ် သို့မဟုတ် တဆင့်ခံ ရောင်းချမှုတွေ ပြုလုပ်တယ်လို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀ ထဲမှာ မြန်မာ၊ ဘိုလစ်ဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတို့လည်း ပါဝင်တယ်လို့ အမေရိကန် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။