ဥပဒေအင်္ဂါရပ်နဲ့ မညီသော ဥပဒေ

စစ်အစိုးရက မကြာခင်က နိုင်ငံတော် ပြန်တမ်းမှာ ထည့်သွင်းပြီး ထုတ်ပြန်ခဲ့တဲ့ လာမယ့် ဘဏ္ဍာရေးနှစ် ၂၀၁၁-၂၀၁၂ အတွက် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမယ့် ဥပဒေတွေဟာ ဥပဒေ အင်္ဂါနဲ့ မညီတဲ့ ဥပဒေတွေ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြောပါတယ်။

Image caption ဥပဒေအင်္ဂါနဲ့ မညီတဲ့ ဥပဒေတွေလို့ NLD ပါတီရဲ့ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်း ပြော

လွှတ်တော်ကြီး ကျင်းပနေတာ ရှိပါရက်နဲ့ လွှတ်တော်ကနေ လုပ်ကိုင် ဆောင်ရွက်တာ မဟုတ်ဘဲ စစ်အစိုးရရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ် ရေးထိုး ထုတ်ပြန် ခဲ့တာဖြစ်ပြီး၊ စစ်တပ်ဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို လိုအပ်သလို သုံးစွဲခွင့် ရှိမယ့် ပုံစံတွေ ရေးသား ထားတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အထူးရန်ပုံငွေ ဥပဒေမှာ နှစ်စဉ်ကာကွယ်ရေး လိုအပ်ချက်အတွက် သမ္မတက ခွင့်ပြုချက် ပေးရမယ်လို့ ပါရှိပြီး၊ ငွေကြေး ဘယ်ရွေ့ဘယ်မျှ ဆိုတာ အတိုင်းအဆ မပါသလို အချိန်ကာလ ကန့်သတ်ချက်လည်း မပါရှိတဲ့ ဥပဒေ အင်္ဂါရပ်တွေနဲ့ မညီတဲ့ ဥပဒေတွေ ဖြစ်တာမို့ NLD က အခုလို ကြေညာချက် ထုတ်ပြန်ရတာ လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဒီဥပဒေတွေကို ပြည်သူတွေရဲ့ ဆန္ဒကိုလည်း ရယူတာမျိုး မရှိသလို ပြည်သူ့ကိုယ်စား လှယ်တွေလို့ ဆိုနိုင်တဲ့ အခု လွှတ်တော်တက်နေတဲ့ ကိုယ်စားလှယ် တွေမှာလည်း ဆွေးနွေးခွင့် မရဘဲ ထုတ်ပြန်ခဲ့တာတွေဟာ ဘယ်လိုမှ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့လည်း သူက ထောက်ပြပါတယ်။

အခု ရေးသားထုတ်ပြန် ပြဌာန်းခဲ့တာတွေဟာ တာဝန်ရှိမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု ဘာမှ မရှိတဲ့ ဥပဒေတွေ ဖြစ်လို့ ဥပဒေ အင်္ဂါရပ်နဲ့ မညီညွတ်ဘူးလို့ NLD က သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့ အကြောင်းကို ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။

အခု ဘဏ္ဍာငွေ သုံးစွဲရေး ဥပဒေတွေအရ ဆိုရင် စစ်တပ်ဟာ နိုင်ငံတော် ဘဏ္ဍာငွေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲ သွားမှာဖြစ်ပြီး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍအတွက်ကိုတော့ ၄ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။