မြန်မာအတွက် ရုရှားလုပ် လေယာဉ် ပျက်ကျ

  • 5 မတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ၃၁ ကြိမ် စမ်းသပ်ပျံသန်းရာ ဘာချို့ယွင်းချက် မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်

မြန်မာနိုင်ငံအတွက် ရုရှားလုပ် Antonov An-148 ခရီးသည်တင် လေယာဉ်တစင်း စနေနေ့က စမ်းသပ်ပျံသန်းမှု တခုအတွင်း ရုရှားနိုင်ငံအလယ်ပိုင်းမှာ ပျက်ကျသွားတဲ့ အတွက် လေယာဉ်ပေါ်ပါ ရုရှားလေယာဉ် ဝန်ထမ်း ၄ ဦးနဲ့ မြန်မာ ပိုင်းလော့ ၂ ဦး စုစုပေါင်း ၆ ဦးစလုံး သေဆုံးသွားပါတယ်။

ဒီလေယာဉ်ဟာ မော်စကိုမြို့ တောင်ဖက် ကီလို မီတာ ၆၀၀ လောက် အကွာမှာရှိတဲ့ ဘဲဂူရို့ဒ် ပြည်နယ်မှာ သင်တန်းပေး မောင်းနှင်းနေစဉ် အတွင်း ပျက်ကျသွားတာလို့ မော်စကို အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။

လေယာဉ်ပျက်ကျသွားခဲ့တဲ့ ဗိုရိုနက်ဇ် မြို့ရဲ့ ကီလိုမီတာ ၁၃၀ နားလောက်မှာ သေဆုံးသွားသူ ၆ ဦးရဲ့ အလောင်းတွေကို ပြန်တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီလေယာဉ်ဟာ မြန်မာနိုင်ငံအတွက် ဖြစ်ပြီး လေယာဉ်ကို စမ်းသပ်ပျံသန်းမှု ၃၁ ကြိမ် လုပ်ခဲ့ ရာ ဘာချို့ယွင်းချက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ရေဒါကနေ ပျောက် သွားတာ ဖြစ်တယ်လို့ ဗိုရိုနက်ဇ် လေယာဉ်ထုတ်စက်ရုံက ပြောပါတယ်။

မော်စကို မြန်မာသံရုံးကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး သူတို့ဘာမှ မသိရသေးကြောင်း ပြောပါတယ်။