လစ်ဗျားနိုင်ငံ ဇာဝီယာမြို့မှာ တိုက်ပွဲပြင်းထန်

  • 5 မတ် 2011

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေဟာ မြို့တော် ထရီပိုလီ အနောက်ဖက်က ဇာဝီယာ မြို့ကို ပြန်သိမ်းနိုင်ဖို့ ဆက်လက် တိုက်ခိုက် နေကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရတပ်တွေကို မြို့ကနေ တိုက်ထုတ်ခဲ့ ပေမယ့် သေနတ်သံတွေ ပိုကြားနေရဆဲပါ

အတိုက်အခံဖက်က တိုက်ခိုက်ရေးသမားတွေ ကလည်း ကနဦးတိုက်ခိုက်မှုတွေကို ပြန်လည် ခုခံခဲ့ကြပြီး၊ အစိုးရတပ်တွေကို ဇာဝီယာမြို့ လယ်ကနေ တိုက်ထုတ်ခဲ့ပါတယ်။

ဒါပေမယ့်လို့ အဲဒီကို ကဒါဖီရဲ့ တပ်ဖွဲ့တွေ ထပ်ရောက်လာပြီး၊ မြို့တွင်းမှာ သေနတ်သံတွေ ပိုကြားနေရပါတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဇာဝီယာမှာရှိတဲ့ ဗြိတိသျှ သတင်းထောက်တဦး ပြောတာကတော့ မြို့ထဲတနေရာမှာ လူအုပ်ကြီးတွေဟာ ပုန်ကန်မှုအတွက် အောင်ပွဲခံနေ ကြတာကို တွေ့မြင်ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လို့ တိုက်ခိုက်မှုတွေ မပြီးသေးဘူးဆိုတာကတော့ သေချာတယ်လို့ ပြောပါတယ်။

ရေနံချက်စက်ရုံရှိတဲ့ ရာစလာနုဖ် ဆိပ်ကမ်းမြို့မှာတော့ သူပုန်တပ်ဖွဲ့တွေနဲ့ ကဒါဖီ တပ်တွေ အကြား အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် သူပုန်တွေက မြို့ကို ထိန်းချုပ်ထား လိုက်ပါပြီ။

တိုက်ခိုက်မှုတွေ အတွင်း လူ ၈ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဆေးရုံက တာဝန်ရှိ သူတွေကပြောပါတယ်။

ရာစလာနုဖ် မြို့ဟာ ထရီပိုလီမြို့ရဲ့ အရှေ့ဖက်ပိုင်း ကီလို ၅၀၀ လောက် အကွာမှာ တည်ရှိ တာဖြစ်ပါတယ်။ သူပုန်တွေဟာ အခုဆိုရင် အနောက်ဖက်ကို တိုးလာနေတယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

နိုင်ငံအရှေ့ဖက်ပိုင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘန်ဂါဇီမြို့ အနီးမှာတော့ လက်နက် သိုလှောင်ရုံ တခု ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၁၉ ဦး သေဆုံးသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။