ထိုင်းသကြားတွေ မြန်မာဘက် ခိုးထုတ်

  • 6 မတ် 2011

ထိုင်းနိုင်ငံက ပြည်သူတွေစားသုံးဖို့ ထုတ်လုပ်ထားတဲ့ ပထမတန်းစား သကြားတွေ မြန်မာနိုင်ငံဘက် ခိုးထုတ်တာကို အများအပြား ဖမ်းဆီးရမိတဲ့ အတွက်၊ ထိုင်းစက်မှု ဝန်ကြီးကိုယ်တိုင် ဒီနေ့မဲဆောက်မြို့ကိုလာပြီး ပြည်ပကို ခိုးထုတ်မှု တားဆီးရေး အတွက် ကြပ်မတ်ဆောင်ရွက်ခဲ့ပါတယ်။

Image caption သကြားခိုးထုတ်မှုတားဆီးရေး နယ်စပ်ဌာန တိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးပြော

လက်ရှိထိုင်းနိုင်ငံရဲ့အိမ်နီးချင်းတွေဖြစ်တဲ့၊ မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက သကြားစျေးနှုန်းတွေဟာ မြှင့်တက် လာနေတာကြောင့် ထိုင်းသကြားတွေ အိမ်နီး ချင်း နိုင်ငံတွေကို ခိုးထုတ်မှုတွေ ဖြစ်နေတာလို့ ထိုင်းစက်မှုဝန်ကြီး နိုင်ချိုင်ဝုဒ် ဗန္နဝါသ်က ပြောပါတယ်။

အခုတလော မြန်မာနိုင်ငံဘက်ကို သကြားတွေ ခိုးထုတ်တာကို ဆက်တိုက် ဖမ်းဆီးရမိနေ တာကြောင့်၊ နယ်စပ်က ဌာနဆိုင်ရာတိုင်းက တာဝန်ရှိသူတွေဟာ သကြား ခိုးထုတ်မှု တားဆီးရေးကို ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းစက်မှုဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံသားတွေဟာ သူတို့ရဲ့ အဓိက အစားအစာဖြစ်တဲ့ ကွေ့သယိုလို့ခေါ်တဲ့ ခေါက်ဆွဲ ပြုတ်၊ ခေါက်ဆွဲသုပ်နဲ့ ဟင်းလျာတွေမှာပါ သကြားထည့်စားတာကြောင့်၊ ထိုင်းနိုင်ငံသား တဦးချင်းစီဟာ တနှစ်ကိုသကြား ၃၈ ကီလိုနှုန်း စားသုံးပါတယ်။

အခုနှစ်မှာ အဲဒီပမာဏကို ပြည့်မီအောင် ထိုင်းတနိုင်ငံလုံးက သကြားထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေက ထိုင်းနိုင်ငံသားတွေ စားသုံး ဖို့ ပထမတန်းစား သကြားတွေ ထုတ်လုပ်ထား ကြောင်း၊ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်က အိမ်နီးချင်း နိုင်ငံတွေမှာ ထိုင်းနိုင်ငံထက် သကြားစျေးနှုန်း ပိုမြင့် သွားတာကြောင့် ထိုင်းနိုင်ငံက သကြား တွေ အိမ်နီးချင်းနိုင်ငံတွေကို အများအပြား ခိုးထုတ်သွားလို့ ထိုင်းနိုင်ငံမှာ ပြည်တွင်းစားသုံးမှု မလုံမလောက် ဖြစ်သွားတယ်လို့ စက်မှု ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံ နယ်စပ်တွေမှာ သကြားတင်မကပဲ တခြားစားသောက်ကုန် ပစ္စည်းတွေပါ ထိုင်းဘက်မှာ စျေးပေါပြီး၊ အိမ်နီးချင်း နိုင်ငံတွေမှာ စျေးများနေရင်၊ ကုန်သည်တွေက အခုလိုမျိုး ခိုးထုတ်လေ့ရှိသလို အိမ်နီးချင်းနိုင်ငံတွေမှာ စျေးပေါပြီး၊ ထိုင်းနိုင်ငံမှာ စျေးများ နေရင် အိမ်နီးချင်း နိုင်ငံတွေက ပစ္စည်းတွေ ထိုင်းဘက်ကို ခိုးဝင်လေ့ ရှိပါတယ်။