ထားဝယ် ရေနက် စီမံကိန်းနဲ့ သဘာဝ ဝန်းကျင်ထိခိုက်မှု

  • 7 မတ် 2011

မြန်မာ နိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို အကောင် အထည် ဖော်ဖို့ လိုအပ်တဲ့ ဥပဒေ တွေကို နအဖ အစိုးရက ပြဌာန်း ထားပြီး ဖြစ်သလို စီမံကိန်းရဲ့ ကနဦး လုပ်ငန်း တချို့လည်း စတင် နေပြီ ဖြစ် ပါတယ်။

ဓာတ်ပုံ မူပိုင် DDP
Image caption မြန်မာ နိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး ဇုံ ဖြစ်လာ မယ့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း

ဒီစက်မှု စီမံကိန်းကြီးကြောင့် ဖွံ့ဖြိုးမှုနဲ့ အတူ သဘာဝ ပတ်ဝန်းကျင် ပျက်စီး မှာကို စိုးရိမ်သူ တွေလည်း ရှိနေပါတယ်။

အဲဒီလို စိုးရိမ်မှုကြောင့် စောင့်ကြည့် လေ့လာရေး လုပ်ဖို့ ပြင်ဆင် နေတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ မင်္ဂလာ မြန်မာ က ဒေါက်တာ ဖုန်းဝင်းက တော့ ဒီစီမံကိန်းဟာ အရှေ့တိုင်း နိုင်ငံက လာရောက် လုပ်ကိုင်မှာ ဖြစ်လို့ စိတ်ပူစရာ ကောင်းတယ် လို့ဆိုပါတယ်။

သူတို့ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က မြိတ် ကျွန်းစု ထဲက ကျွန်းတချို့၊ ၂၀၀၉ခုနှစ် ရောက်တော့ ကျွန်းပေါ်ပိုင်း တွေကို သွားရောက် ပြီး အချက် အလက်တွေ ကောက်ယူ ခဲ့တာမို့ အဲဒါ တွေကို မူတည်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှု ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု ဆိုင်ရာ လွတ်လပ်တဲ့ လေ့လာ ဆန်းစစ် ချက်တွေ လုပ်နိုင်ဖို့ စီစဉ် နေတယ် လို့လည်း ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။

အဲဒီလို ဆန်းစစ်ချက်တွေ လုပ်ဆောင်တဲ့ နေရာမှာ ဒေသခံတွေ ပူးပေါင်း ပါဝင်မှုနဲ့ လုပ်မယ်၊ ကိုယ်ထူကိုယ်ထ အဖွဲ့တွေ ဖွဲ့ပြီး လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရအောင် သင်တန်းတွေ ပေးပြီး ရေရှည် ဆက်လက် လုပ်ဆောင် သွားနိုင်ဖို့ မျှော်လင့်တယ်လို့ လည်း သူက ဆက်ပြော ပါတယ်။

လောလောဆယ်မှာ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ကနဦး လုပ်ငန်းတွေ စတင် နေချိန်မှာ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိမရှိ ဆန်းစစ်မှုကို မဖြစ်မနေ လုပ် ဆောင်ဖို့ လိုအပ်တယ် ဆိုတဲ့ ဥပဒေ ပြဌာန်းချက် တော့ မရှိသေးပါဘူး။

ဒါပေမဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်လာတဲ့ အခါမျိုးမှာ နိုင်ငံ တကာ စံချိန်စံနှုန်း တွေနဲ့ အညီ လိုက်နာ ဆောင်ရွက် ပါ့မယ် ဆိုတဲ့ စည်းကမ်းချက်မှာ လက်မှတ် ရေးထိုး ထားတဲ့ အတွက် ဒီလုပ်ငန်းတွေကို လုပ်ခွင့် ရလိမ့်မယ်လို့လည်း မျှော်လင့်တယ်လို့ ဒေါက်တာ ဖုန်းဝင်းက ပြော ပါတယ်။

ဒီစီမံကိန်းမှာ အဓိက ရင်းနှီး မြှုပ်နှံမှုတွေ လာလုပ်မယ့် ထိုင်းနိုင်ငံမှာ အလားတူ စီမံကိန်း ကြီးတွေ ဆောင်ရွက် ခဲ့တဲ့ အတွေ့အကြုံ အရ သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေ အပေါ် ထိခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရ တယ်လို့ ထိုင်းနိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ စူထိ အထားဆိုင်က ပြောပါတယ်။