ဒေါ်စု အမေရိကန် ကျောင်းသားတွေနဲ့ပြော

အမေရိကန်နိုင်ငံ၊ ဘာကလေမြို့ ကယ်လီဖိုးနီးယား တက္ကသိုလ်က မြန်မာ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် ဆွေးနွေး ပြောဆိုကြမယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption လူငယ်တွေကိုချစ်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ မေးမြန်းကြ မယ့် ကိစ္စဟာ အထူးစီစဉ်လိုက်တာ ဖြစ်တဲ့ အကြောင်း၊ အရင်က ဒါမျိုး မလုပ်ဖူးတဲ့ အကြောင်း စီစဉ်သူ ကျောင်းသားကျောင်းသူ တွေထဲက တဦးဖြစ်တဲ့ Ashley က ဘီဘီစီကို ပြောပါတယ်။

ပရိသတ်တွေကတော့ အစုံလာကြမှာပါပဲ၊ ကောလိပ်ကျောင်းသားတွေကို ဦးတည် လုပ်ပေမယ့် ပါမောက္ခတွေရော၊ တက္ကသိုလ်က အမှုထမ်းတွေရော၊ ဒေသခံမြန်မာတွေနဲ့ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ အမေရိကန်တွေပါ အခု စာရင်းအရဆို တကယ့် အခမ်းအနားကို တက်မယ့်သူက ကျောင်းသားချည်း ၅၀၀ ကျော်၊ ကွန်ရက်ကနေ တိုက်ရိုက်ကြည့်မယ်သူက ၄၀၀ လောက်၊ အားလုံးဆို ထောင်ဂဏန်းရှိမယ်လို့ သူက ဆိုပါတယ်။

ဘာကလေကျောင်းမှာ ကျောင်းသား အချင်းချင်း ပြန်သင်ပေးတဲ့ ဒီမိုကရက်တစ် ပညာရေး အတန်းမှာက မြန်မာ့နိုင်ငံရေး အခြေအနေတွေ၊ အခြေခံဥပဒေနဲ့ လူ့အခွင့် အရေးအပါအဝင် နိုင်ငံရေး သီအိုရီတွေကို သင်ပေးနေပြီး သင်တန်းရဲ့ တစိတ်တပိုင်းအဖြစ် ဒေါ်အောင်ဆန်း စုကြည်နဲ့ မေးမြန်း ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့ဆက်သွယ်မှုမတိုင်ခင်မှာ ဘာကလေကျောင်းထွက် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းဇင်က သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ ၈၈ အရေးအခင်းနဲ့စပ်လို့ မြန်မာ့နိုင်ငံရေးအကြောင်းကို ဟောပြာဦးမယ်လို့ Ashley က ပြောပါတယ်။