မကျေနပ်လို့ တိုက်ခိုက်သူတွေကို သေနတ်ဖောက် လူစုခွဲ

  • 7 မတ် 2011

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ငခူရ ကျေးရွာမှာ တနင်္လာ နေ့က စစ်အင်ဂျင်နီယာ တပ်ပိုင် ကားတစ်စီးနဲ့ ဝင်တိုက်မိခဲ့တဲ့ အတွက် လူ တစ်ယောက် သေဆုံး သွားခဲ့တာကို မကျေနပ်တဲ့ ဒေသခံတွေက အဲဒီတပ်က တပ်သားတွေကို တုတ်တွေ ခဲတွေနဲ့ တိုက်ခိုက် ခဲ့ရာမှာ နစက တပ်ဖွဲ့ဝင်တွေက သေနတ် ပစ်ဖောက် လူစုခွဲခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption မောင်တောမြို့ အဝင် နေရာ

သေဆုံးသွားခဲ့သူက ဒေသခံ မွတ်ဆလင် တစ်ယောက်ဖြစ်ပြီး ဒေသခံ မွတ်ဆလင် တွေက မကျေနပ်တဲ့ အတွက် အစိုးရ ကားတွေနဲ့ လမ်းလုပ် နေတဲ့ ဘီအီး ခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်က တပ်သားတွေကို ခဲတွေ တုတ်တွေနဲ့ တိုက်ခိုက် ခဲ့တာပါ။

နစကတပ်ဖွဲ့ဝင်တွေက သေနတ်တွေ ပစ်ဖေါက်ပြီး လူစုခွဲ ခဲ့ရတယ်လို့ ဒေသခံ မျက်မြင်တစ်ဦးက ပြောပါတယ်။ သေနတ် ၇ ချက်လောက် ပစ်ဖောက်ပြီးတဲ့ နောက် လူစုကွဲ သွားပေမယ့် လူတွေကိုတော့ ကိုယ့် အိမ်တွင်းမှာကိုယ် နေကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆော်သြ ထားတယ်လို့ လည်း သူက ပြောပါတယ်။

သေဆုံးသူရဲ့ အလောင်းကို ကြိမ်ချောင်း တိုက်နယ်ဆေးရုံကို ယူသွားတယ်လို့ သိရပါတယ်။

လောလောဆယ်မှာ တော့ တိုက်မိတဲ့ ကားကို သိမ်းထားပြီး၊ တပ်သားတွေ ကို ခဲနဲ့ ပေါက်သူတွေကိုလည်း စစ်ဆေးနေတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အခုလို ပြဿနာ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာ မောင်တော မြို့နယ် မြောက်ပိုင်း ငခူရ ကျေးရွာ အနီးတဝိုက်မှာ သက်ဆိုင်ရာက လုံခြုံရေး တိုးမြင့် ထားတယ် လို့ လည်း သိရ ပါတယ်။