အလုပ်နဲ့သာ ညီညွတ်ရေး တည်ဆောက် နိုင်မယ်

  • 7 မတ် 2011
NLD ဓာတ်ပုံ မူပိုင် bbc burmese
Image caption တချိန်က ဖုံတက်နေခဲ့တဲ့ NLD ရုံး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင်တွေ၊ တိုင်း၊ ပြည် နယ်နဲ့ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ အောက်ခြေ ပါတီဝင်တွေ အကြားမှာ လက်ရှိ အချိန်ဟာ စည်းလုံး ညီညွတ်မှု အရှိဆုံး ကာလလို့ သာယာဝတီ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်မြင့်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့နဲ့ တိုင်းနဲ့ ပြည်နယ် ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်း အဝေးနဲ့ ပတ်သက်ပြီး ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ အဓိက အားဖြင့် မြို့နယ်နဲ့ တိုင်းအခြေ အနေတွေကို ဒေါ်အောင်ဆန်း စုကြည်က သိလိုတဲ့ အတွက် မေးမြန်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခုဆောင်ရွက်နေတဲ့ ကွန်ယက်နဲ့ပတ်သက်ပြီး နယ်အဖွဲ့ချုပ် ခေါင်းဆောင်တွေ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်အောင် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အာဏာရအောင် ဆောင်ရွက်တဲ့ပါတီ မဟုတ်ပဲ ဒီမိုကရေစီ ရအောင် ဆောင်ရွက်မယ့် ပါတီသာ ဖြစ်တဲ့ အတွက် ပါတီကို ဗဟို မပြုပဲ၊ လူထုကို ဗဟိုပြုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြောင်းလည်း ဦးအောင်မြင့်က ပြောပါတယ်။

တချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ကို ဦးအောင်မြင့် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တက်ကြွတဲ့ နယ်ခေါင်းဆောင်တွေက ဝေဖန်ခဲ့တာတွေ ရှိပေမယ့် အခုအချိန်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ နယ်ခေါင်းဆောင်တွေနဲ့ အောက်ခြေ ပါတီဝင်တွေကြားမှာ စည်းလုံးညီညွတ်မှု အရှိဆုံးအချိန်လို့ လည်း ဦးအောင်မြင့်က ပြောပါတယ်။

တချိန်က ပါတီ စီအီးစီကို သူတို့ ဝေဖန်ခဲ့တာဟာ လုပ်ငန်းစဉ်မရှိလို့ သာ ဖြစ်ပြီး အခုအခါ ပါတီမှာ အလုပ်တွေရှိတဲ့ အတွက် ညီညွတ်ရေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ညီညွတ်ရေးရှိမှ NLD ရပ်တည်နိုင်မယ်၊ အလုပ်ရှိမှ ညီညွတ်ရေး ရှိမယ်လို့ လည်း သူက ဆိုပါတယ်။