ဧရာဝတီ မြစ်ရေ စံချိန်တင် ထိုးကျ

မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ဧရာ၀တီမြစ်ရေဟာ အရင် နှစ်တွေထက် စံချိန်တင်ထိုးကျနေတာကြောင့် သဲသောင်တွေထွန်းပြီး ရေကြောင်း သွားလာရေး ခက်ခဲသလို မြစ်ရေတင်စီမံကိန်းနဲ့ စိုက်ပျိုးနေရတဲ့ တောင်သူတွေ အခက်တွေ့နေရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဆိပ်ကမ်းက အောက်ဖက်ကို ရောက်သွားလို့ ကုန်တွေကို ကားတွေ၊ လှည်းတွေနဲ့ သယ်ကြရ

ဧရာ၀တီမြစ်မကြီးဟာ အရင်နှစ်တွေထက်ပိုပြီး ရေနည်းလာတာကြောင့် မြစ်ကြောင်းကျဉ်းပြီး ရေကြောင်း သွားလာနေတဲ့ သင်္ဘောတွေ၊ မော်တော်တွေ ပုံမှန်ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်း တွေမှာ မကပ်နိုင်ပဲ မြို့နဲ့ အလှမ်းဝေးတဲ့ နေရာ တွေမှာ ဆိုက်ကပ်ရတာကြောင့် ကုန်တင်ကုန်ချ အခက်ခဲတွေ ဖြစ်သလို ဧရာ၀တီမြစ်ရေနဲ့ စိုက်ပျိုးရတဲ့ တောင်သူတွေ အခက်ခဲဖြစ်နေပါ တယ်။

ဧရာ၀တီနဲ့ ချင်းတွင်းမြစ်ဆုံအောက် မကွေးတိုင်း ဧရာ၀တီမြစ်မကြီး ဘေးမှာနေတဲ့ ဒေသခံ တဦးက ပြောပြရာမှာတော့ ဆိပ်ကမ်းက အောက် ဘက်ကို ဆင်းသွားတော့ ပိုဝေးသွား ကြောင်း၊ အဲဒီအတွက် ကားတွေနဲ့သယ်ကြ၊ လှည်းတွေနဲ့ သယ်ကြရတဲ့အတွက် ကယ်ရီခ ပိုကုန်ကျကြောင်း ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ရေတွေက ကျွန်းတွေပေါ် တပြင်လုံးကို မလွှမ်းဘူး ဆိုရင်တော့ ရေစုပ်စက်တွေ အားကိုးပြီး စိုက်ရပျိုးရတဲ့ အတွက် ဆီဈေးတွေ တက်လာတယ်လို့ ဆိုပါတယ်။

နွေရာသီ စိုက်ခင်းတွေ အနေနဲ့ အရင်က မြစ်ကမ်းပါးကနေ ရေတင်တဲ့အခါမှာ ရေစုပ်စက် တလုံးတည်း သုံးပြီး ရေတင်လို့ရပေမယ့် အခုတော့ သောင်တွေထွန်းနေလို့ ရေနဲ့ စိုက်ခင်း အလှမ်းဝေး နေတာကြောင့် တောင်သူတွေဟာ ရေစုပ်စက် ၂လုံး ထပ်ဆင့် အသုံးပြုနေရ ပါတယ်။ တချို့ သူတွေကတော့ ကိုယ့်ယာခင်းထဲမှာတင် ရေတွင်းတူးပြီး ရေစုပ်ယူရတယ်လို့ ဆိုပါတယ်။

တချို့နေရာတွေမှာတော့ မြစ်ကြောင်းက ကျဉ်းလာလို့ ကမ်းပါး ပြိုတာတွေလည်း ရှိနေတယ် လို့ သိရပါတယ်။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် အမြဲ စုံဆန်နေတဲ့ ကုန်တင် မော်တော်ပိုင် တယောက်က ရေကြောင်းကြပ်နေတဲ့ အချိန်မှာ ပြည်တွင်း ရေကြောင်းက ရေကြောင်းလမ်းညွှန် ဘောတိုင်တွေ လုပ်မပေးလို့ ကိုယ်ပိုင် ရေစမ်းတဲ့ စက်လှေငယ်တွေကို ရှေ့ပြေးသွားခိုင်းပြီးမှ နောက်ကမော်တော်ကြီးတွေက လိုက်ရတဲ့အကြောင်း ပြောပြပါတယ်။

ဆန်တင် မော်တော်ကြီးတွေကတော့ အောက်ပြည်ကနေ အထက်အညာကို ဆန်တဲ့တခါ မကွေးတိုင်းမှာပဲ ကုန်တွေကိုချပြီး အထက်ပိုင်းကို ဆက်မတက် ကြတော့ဘူးလို့ ဆိုပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က စစ်ကိုင်းနား တဝိုက်က ဧရာ၀တီမြစ်ရဲ့ သဲသောင်ထွန်းနေတဲ့ အခြေအနေနဲ့ ပြင်ဆင်သင့်တဲ့ အချက်တွေအကြောင်း ဘီဘီစီကို ခုလို ရှင်းပြပါတယ်။

''တလောကပဲ ကျနော်စစ်ကိုင်းရောက်တော့ စစ်ကိုင်းတောင်ပေါ်ကနေ တက်ကြည့် တယ်။ အဲ့ဒီအခါမှာ မြစ်က ရေထဲတောင် ဖြတ်လျှောက်လို့ ရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်ဗျာ။ အဲ့ဒါကြီးကို ကြည့်ရတာ တော်တော်လည်း စိတ်ဆင်းရဲစရာ ကောင်းပါတယ်။

အဲ့ဒီတော့ နုံးပို့တဲ့လုပ်ငန်းတွေလည်း အများကြီးဖြစ်တယ်။ နောက်ပြီးတော့ ရေဝေ ရေလွဲ ဒေသတွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်တာလည်း ပါတယ် ပေါ့ဗျာ။ မြစ်ကြောင်းမှာ ထိန်းသိမ်းရမယ့် လုပ်ငန်းတွေကိုတော့ အားလုံး တာ၀န်ရှိတဲ့သူတွေ ကွင်းဆင်းပြီးတော့ လုပ်သင့်တဲ့ အလုပ်တခုလို့ပဲ ကျနော်ပြောမှာပဲ။ တခုခု ဖြစ်သွား ရင်တော့ ဆုံးရှုံးမှုက အများကြီးပေါ့''

အဲ့ဒီတော့ မြန်မြန်တော့ ထိန်းသိမ်း သင့်တာပေါ့နော်။ အဲ့ဒီ ခန်းခြောက်သွားတဲ့ အဆင့်အထိတော့လည်း ကျနော်တော့ မပြောလိုပါဘူး။ သို့သော် ငြားလည်း ဒါက မဖြစ်ဖူးလို့လည်း မပြောနိုင်ဘူးပေါ့လေ''

အခုလိုဖြစ်ရတာဟာ သစ်တောတွေ ပြုန်းတီးလို့ ရာသီဥတု မကောင်းဖြစ်ပြီး အကျိုးဆက် အနေနဲ့ မိုးနည်းလာတဲ့တွက် မြစ်ရေနည်းရတဲ့ အထဲ မြစ်ကြောင်း တလျှောက် ရွှေကျင်တာ တွေ မြစ်ကျောက်စုပ်ထုပ်တဲ့ လုပ်ငန်းတွေ အပြင် လူတွေရဲ့ မြစ်ကြောင်းထိမ်းသိမ်းမှု အားနည်းလို့ ခုလိုဖြစ်ရတာလို့လည်းဆိုပါတယ်။

ဒီနှစ်နွေရာသီမှာတော့ လာနီညာ ရာသီဥတုဟာ မတ်လကုန် အထိ ရှိနေမှာမို့ ရာသီဥတု မနှစ် လောက် မပူဘဲ မိုးအနည်းငယ် ပိုမယ်လို့ ဦးထွန်းလွင်က ခန့်မှန်း ပြောဆို သွားပါတယ်။