မြေပုံက လယ်သမားတွေ ဒုက္ခပင်လယ်ဝေ

  • 9 မတ် 2011

ဂီရိ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ မြေပုံမြို့နယ်မှာ မုန်တိုင်းကြောင့် ကျိုးသွားတဲ့ တာတမံကို လယ်သမားတွေ ပြန်မဆည်နိုင်ဘဲ အခက်အခဲ ဖြစ်နေချိန်မှာ ဒေသအတွင်းက စီးပွားရေးသမားတွေက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး တာတွေကို သူတို့ဘာသာ သူတို့ ပြန်ဆည်ကာ ပုဇွန် မွေးမြူရေးကန်တွေ ပြုလုပ်လိုက်တဲ့ အတွက် လယ်သမား အများအပြားဟာ လယ်မဲ့ယာမဲ့ ဘ၀ကို ရောက်သွားခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီ ပုဇွန်ကန်မွေးတဲ့အထဲမှာ ကမ်းထောင့်ကြီး၊ ရေနီကြီး၊ သရက်တောင်၊ ရေကောင်းချိုင်၊ တပ်ရာ၊ ပေါက်တူးတောင်၊ စမ်းမချောင်း စတဲ့ ကျေးရွာ အုပ်စုတွေ ပါဝင်ပါတယ်။

စုစုပေါင်း လယ်သမား ၃၀၀၀ ခန့်ဟာ သူတို့ လယ်မြေတွေကို ပြန်မရရှိလိုက်တော့ဘဲ ဆုံးရှံးသွားခဲ့ရတယ်လို့ လယ်သမားတွေက ဘီဘီစီကို ပြောပါတယ်။

ကမ်းထောင့်ကြီး ကျေးရွာက ၁၀ မိုင်အကွာမှာ ရှိတဲ့ ဖောင်ပေကျွန်းမှာတော့ တာတမံတွေကို စီးပွားရေး သမားတွေက ပြန်လည် ဆည်ဖို့ပြီး ပုဇွန်ကန်တွေ လုပ်လိုက်တဲ့ အတွက် လယ်သမား ၁၀၀ ခန့် လယ်မြေတွေကို လက်လွှတ် ဆုံးရှုံးသွားခဲ့ရတယ်လို့ လယ်သမားတစ်ဦးက ဆိုပါတယ်။

ဒီကိစ္စအပေါ် သရက်တောင် ကျောင်းဆရာတော်ကြီးက အထက်အာဏာပိုင်တွေကို တိုင်ကြားပေမယ့် အထက်အာဏာပိုင်တွေက အရေးမယူဘူးလို့ ပြောပါတယ်။

လယ်သမားတွေပိုင်တဲ့ လယ်မြေတွေမှာ ပုဇွန်တာတွေ လုပ်တဲ့အတွက်လည်း လယ်ယာမြေတွေ အထူး ထိခိုက်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။