အမျိုးသမီးတွေ တန်းတူ ပညာသင်ခွင့် ရကြသလား

  • 8 မတ် 2011

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အနှစ် ၁၀၀ ပြည့် ကမ္ဘာ့ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ အခမ်းအနားတွေ ကျင်းပ နေကြ ပါတယ်။

ဓာတ်ပုံ မူပိုင် iwd
Image caption ၂၀၁၁ ခုနှစ် အတွက် အမျိုးသမီးတွေ တန်းတူ ပညာ သင်ကြား ခွင့် ကို အဓိက ပြောဆိုကြ

အမျိုးသမီးတွေ ရဲ့ အခွင့် အရေးနဲ့ ပတ်သက်ပြီး ဒီနှစ် နိုင်ငံတကာမှာ အဓိက အထူး အလေးထား ပြောဆိုကြတဲ့ ခေါင်းစဉ် က တန်းတူ ပညာ သင်ကြား နိုင်ခွင့် ရရှိရေး ဖြစ် ပါတယ်။

မြန်မာ နိုင်ငံ အတွင်းမှာ တော့ အမျိုးသမီးတွေ တန်းတူ ပညာသင်ကြားခွင့် အပြည့်အဝ ရရှိဖို့ လူ့ဘောင် အသိုင်းအဝိုင်းမှာ ခံယူကျင့်သုံးနေတဲ့ အစွဲ တွေကို ပြောင်းလဲ ပစ်ဖို့ လိုအပ် တယ်လို့ ပြည်တွင်းမှာ ပညာရေး လုပ်ငန်း လုပ်ဆောင် ပေးနေတဲ့ ပြည်တွင်း အခြေစိုက် လူထု အခြေပြု အဖွဲ့ တစ်ခုက မရှီလာ က ပြောပါတယ်။

ပညာသင်ဖို့ ကုန်ကျငွေ အခက်အခဲ ဖြစ်လို့ သားနဲ့ သမီး ထဲ က တဦး ကို သာ ရွေးရမယ့် အချိန် ကျရင် ယောက်ျား လေး ကိုသာ မိဘ က ရွေးတတ် ကျကြောင်း သူ က ဥပမာ ပေး ပါတယ်။

အမျိုးသမီး တွေဟာ အမျိုးသား တွေနဲ့ ယှဉ်ရင် ခွန်အား နည်းတာကြောင့် ပညာကို အသုံးချပြီး လုပ်ရတဲ့ အလုပ်မျိုးတွေကို ရမှသာ အမျိုးသားတွေ နဲ့ ဝင်ငွေ ချင်း ယှဉ်နိုင်မှာ ဖြစ်လို့ ပညာတတ်ဖို့ အလွန် အရေးကြီးတယ်လို့ လည်း သူက ပြောပါတယ်။

ရှမ်းပြည်နယ် ကလွှတ်တော် အမတ် ဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ရှမ်းပြည်နယ် အတွင်းမှာ ကျား မ ခွဲခြားမှု မရှိ တန်းတူ ပညာ သင်နိုင်တယ်လို့ ပြောပေမဲ့ တချို့ နေရာတွေ မှာတော့ အမျိုးသမီးတွေ တန်းတူ ပညာ သင်ကြား နိုင်ခွင့် မရှိကြသေးဘူး လို့ အမျိုးသမီး အခွင့် အရေး ဆောင်ရွက် နေသူ ရှမ်း အမျိုးသမီး ရေးရာ တာဝန်ခံ နန်း စိုင်နောင့်က ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကမ္ဘာ့ အမျိုးသမီးများ နေ့ကို ကြိုဆိုရင်းနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီ ထဲမှာ အမျိုးသမီး တွေဟာ နိုင်ငံ့ခေါင်းဆောင် အဆင့် အထိ ရယူခွင့် ရှိကြတဲ့ နိုင်ငံမျိုး ရှိနေချိန်မှာ တချို့ နိုင်ငံတွေမှာတော့ ရှေးရိုးစွဲ အယူ အဆဟောင်း တွေကို စွဲကိုင် ကျင့်သုံးပြီး အမျိုး သမီးတွေကို ခွဲခြားတာ ရှိနေသေးတယ်၊ မဲပေးခွင့်နဲ့ ပညာသင်ကြားခွင့် တွေ မရကြဘဲ လူ့ အခွင့် အရေး အပြည့်အဝ မရကြ သေးတဲ့ နိုင်ငံတွေ ရှိ နေသေးတယ် လို့ ထောက်ပြ ထား ပါတယ်။

ပြည်ပ ရောက်မြန်မာ တွေကလည်း နှစ် တစ်ရာပြည့် အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖလောင်းချိပ် မြို့တို့မှာ အမျိုးသမီး အဖွဲ့တွေက ဦးဆောင် ကျင်းပ ခဲ့ကြ ပါတယ်။