တက်ကြွမှု မရှိတဲ့ ပါလီမန် ဆွေးနွေးပွဲ

  • 9 မတ် 2011

နေပြည်တော်မှာ ဆက်လက် ကျင်းပနေတဲ့ လွှတ်တော် နှစ်ရပ်လုံးရဲ့ အစည်း အဝေးတွေ အတွင်း ကိုယ်စား လှယ်တွေ တင်သွင်း ထားတဲ့ မေးခွန်း တွေကို သက်ဆိုင်ရာ နအဖ အစိုးရ ဝန်ကြီးတွေက အသီးသီး ဖြေကြား ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် mrtv
Image caption လွှတ်တော် အတွင်း ဆွေးနွေး မှုတွေကို ပြန်လည် မေးခွန်း ထုတ်သူ မရှိသလောက်ဖြစ်

မေးခွန်း မေးတဲ့ သူတွေဘက်က တကယ် မေးသင့် ထိုက်တာတွေကို မေးခဲ့ကြပေမဲ့ အဲဒီ မေးခွန်းတွေကို ဆယ်ရက်ထက် မနည်းကြိုပြီး တင်ထားရ တာပါ။ ဒါတောင်မှ သက်ဆိုင်ရာ ဝန်ကြီးတွေ ဘက်က တိကျ ပြတ်သားတဲ့ အဖြေမျိုး မပေးနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးနဲ့ အသင်း အပင်း ဖွဲ့စည်းရေး ကိစ္စရပ် တွေမှာ လက်ရှိ အခြေအနေကနေ ပြုပြင် ပြောင်းလဲ သင့်တာ တွေနဲ့ ပတ်သက်တဲ့ အဆို တချို့ ကိုလည်း လွှတ်တော် ကိုယ်စားလှယ် တဦးချင်းစီ အလိုက် တင်သွင်းခဲ့ကြပြီး အဲဒီ အဆို တွေကို နောက်ရက်တွေမှာ ဆက်လက် ဆွေးနွေးဖို့ လွှတ်တော် အသီးသီးက လက်ခံ လိုက်ပါတယ်။

တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ဆိုင်ရာ မေးခွန်း တွေကို အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ အင်အားစု က ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်း ထားခဲ့တာကို ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော် က ဖြေဆို ခဲ့ပါတယ်။

လယ်သမား အခွင့် အရေးနဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ဆိုင်ရာ မေးခွန်းတွေ ကိုတော့ လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီး ဦးဌေးဦးက ဖြေခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် ဘက်မှာ ဦးဌေးဦးရဲ့ ဖြေဆိုမှု အပေါ် ထပ်ဆင့်မေးခွန်းထုတ်သူ တဦး ရှိတယ်လို့ သိရပေမဲ့ ဒီမိုကရေစီ လွှတ်တော် တွေမှာ တွေ့ရတဲ့ အစိုးရရဲ့ လုပ်ရပ်တွေ အပေါ် ဝေဖန် ထောက်ပြတာ မျိုးတော့ မရှိခဲ့ဘူးလို့ ကိုယ်စားလှယ်တွေက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ နအဖ အစိုးရ ဝန်ကြီးတွေ ဖြေခဲ့တဲ့ အဲဒီ မေးခွန်း တွေကို လည်း ကြိုတင်ပြီး တင်ပြ ထားခဲ့ ရတာပါ။ ဖြေဆို သူတွေ ကလည်း လက်ရှိ နအဖ အစိုးရရဲ့ ဆောင်ရွက်ချက် တွေ ကို ကာကွယ် ပြောခဲ့ကြပြီး၊ လွှတ်တော်မှာ အပြန်အလှန် ဆွေးနွေး တာလည်း အလွန် နည်းပါးတာ တွေ့ရ တယ်လို့ ဘန်ကောက်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီလို မေးပုံ ဖြေပုံတွေနဲ့ တခြား ဒီမိုကရေစီ နိုင်ငံတွေ မှာ တွေ့ရတဲ့ အာဏာရ ပါတီနဲ့ အတိုက်အခံ ပါတီ ခေါင်းဆောင်တွေ အပြန်အလှန် စကား စစ်ထိုးကြ ပုံတွေကို ယှဉ်ကြည့် ရင်တော့ မြန်မာနိုင်ငံ လွှတ်တော် အစည်း အဝေး ခန်းမ တွေက အတော်လေး ခြောက် ကပ်ကပ် နိုင်တယ်လို့ ပြောစရာ ဖြစ်နေ ပါတယ်။