မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းရေးတောင်းဆို

  • 10 မတ် 2011
Burma Campaign ကလန်ဒန်မှာ ဆန္ဒပြ ဓာတ်ပုံ မူပိုင် BCUK
Image caption Burma Campaign ကလန်ဒန်မှာ ဆန္ဒပြ

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို မတရားဖမ်းဆီးပြီး ဖိနှိပ်ဆက်ဆံတာဟာ နိုင်ငံတကာ ဥပဒေအရ လူသားတွေအပေါ် ကျူးလွန်တဲ့ Crimes Against Humanity ပုဒ်မ၅ခုနဲ့ငြိစွန်းတယ်လို့ Burma Campaign UK ကဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသား ကိုမြအေးရဲ့ ၄၄နှစ် ပြည့်မြောက်တဲ့နေ့နဲ့တိုက်ဆိုင်ပြီးပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးအကျဉ်းသား ပြဿနာနဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုကိုဆက်စပ်ပြီး တင်ပြတာပါ။ ဒီပြဿနာဟာ ပြည်တွင်းသာမကဘဲ နိုင်ငံတကာဥပဒေချိုးဖေါက်ရာရောက်လို့ ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင် ဖွဲ့ပြီးစုံစမ်းသင့်တယ်လို့ Burma Campaign UK မှ ဒါရိုက်တာ Mark Farmaner ကဘီဘီစီကိုပြောပါတယ်။

ဒီကနေ့မှဘဲ မြန်မာလူ့အခွင့်အရေး ချိုးဖေါက်မှုစုံစမ်းရေး ကော်မရှင် ဖွဲ့ဖို့တောင်းဆိုရာမှာ လက်မှတ်မထိုးသေးတဲ့ ဥရောပ ၆နိုင်ငံသံရုံးတွေရှေ့မှာ Burma Campaign မှဝေနှင်းပွင့်ကလန်ဒန်မှာ ဦးဆောင်ဆန္ဒပြခဲ့ပါတယ်။

တချိန်ထဲမှာဘဲ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr Quintana ရဲ့နောက်ဆုံးအစီရင်ခံစာထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံးပြန်လွှတ်ရေး၊ လူ့အခွင့်ရေးချိုး ဖေါက်မှုစွပ်စွဲချက်တွေကို အာဏာပိုင်တွေကိုယ်တိုင် စုံစမ်းဖေါ်ထုတ်တာ မလုပ်ရင် ကုလသမဂ္ဂက ဦးဆောင်ပြီး Commission of Inquiry ဖွဲ့စည်းဖို့ ထပ်လောင်း တောင်းဆိုထားပါတယ်။

မကြာမီက လားရှိုးအကျဉ်းထောင်ကနေပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထွန်းဝေထွန်းကတော့ သူနဲ့အတူ မဂ္ဂင်ဆရာတော်၊ ကိုမင်းဇေယျတို့အပါအဝင် နိုင်ငံရေးအကျဉ်သား အမျိုးသား ၁၅ယောက်နဲ့ အမျိုးသမီး ၂ယေက်တို့ရှိပြီး အဓိကအားဖြင့်ကျန်မာရေးစောင့်ရှောက်မှု ဆေးကုသမှုတွေမှာ အားနည်းတယ်လို့ ဘီဘီစီကိုပြောသွားပါတယ်။