မစ္စတာကင်တားနား မြန်မာနိုင်ငံသွားနိုင်ဖို့ မျှော်လင့်

  • 15 မတ် 2011

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဒီနေ့ အစီရင်ခံ တင်ပြခဲ့ရာမှာ ယေဘူယျ အကဲ ဖြတ်ချက်အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆိုးဝါးနေတုန်းပဲလို့ ဆိုခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့ ကိုယ့်ပြည်သူတွေအပေါ်မှာရော အိမ်နီးချင်းနိုင်ငံတွေ အပေါ်မှာ ပါဆက်ပြီး ထိခိုက်နစ်နာမှု မရှိရအောင် လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးတန်ဖိုးတွေအတိုင်း လေးစား လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။ ဒီတော့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် ဘာတွေရှေ့ဆက် ဆောင်ရွက်ဖို့ ရှိသလဲလို့ မစ္စတာ ကင်တားနားကို မေးကြည့်ရာမှာ သူက အခုလို ဖြေပါတယ်။

မစ္စတာကင်တားနား။ ။ ။လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကျနော် ဆွေးနွေးခဲ့တာက မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်သိမှုတွေရှိဖို့ လိုတယ်ဆိုတဲ့ အချက်ပါ။

မြန်မာနိုင်ငံမှာ အခုဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာ သိနိုင်အောင် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ချက်ချင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပါ။

ပြီးတော့ အဲဒီလို စုံစမ်းစစ်ဆေးမှုမျိုးကို မြန်မာအစိုးရ အနေနဲ့ လက်ခံဖို့ ငြင်းဆန်ခဲ့ရင် နိုင်ငံတကာ အသိုင်း အဝိုင်းမှာ တာဝန်ရှိတယ် တာဝန်ယူရမယ် ဆိုတာကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။

ဘီဘီစီ။ ။ ဒါဆိုရင် အခုဘာကို စလုပ်မှာပါလဲ။

ကင်တားနား။ ။ မြန်မာနိုင်ငံအတွင်းမှာ သွားရောက်စုံစမ်းဖို့ လုပ်ပိုင်ခွင့် ကို ဒီနေ့ လူ့အခွင့်အရေးကောင်စီကို တက်ရောက်ခဲ့တဲ့ အဖွဲ့ဝင်တွေဆီကျနော် တောင်းခံခဲ့ပါတယ်။ ဒီတော့နောက်တဆင့်အနေနဲ့ ကျနော် မျှော်လင့်တာက မြန်မာနိုင်ငံအတွင်းကို ကိုယ်တိုင်သွားရောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်တွေ့သွားရောက် စုံစမ်းအကဲဖြတ်ဖို့ပါ။ အဲဒီလို သွားရောက်ပြီးတဲ့နောက် ကုလသမဂ္ဂမှာ အောက်တိုဘာလကျရင် ကျနော်က အစီရင်ခံစာ တင်ပါမယ်။ အဲဒီအစီရင်ခံစာမှာ ကျနော့်ရဲ့ သုံးသပ်ထောက်ခံချက်ကို ကြည့်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ အတိတ်ကာလတုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမှန်တရားကဘာလဲ၊ တရားမျှတမှုရှိအောင် ဘာတွေလုပ်ရမလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာတွေ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် လိုမလိုဆိုတာကို ဆုံးဖြတ်မှာပါ။

ဘီဘီစီ။ ။ ဘယ်အချိန်လောက်များ မြန်မာနိုင်ငံကို သွားနိုင်ဖို့ မျှော်လင့်ထားပါသလဲ။

ကင်တားနား။ ။ အစိုးရဆီက ခွင့်မတောင်းရသေးပါဘူး။ ၂၀၁၁ ခုနှစ် အတွက် ကျနော့်ရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် နောက်လမှာ သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဘီဘီစီ။ ။ မြန်မာနိုင်ငံမှာ အစိုးရသစ် ပေါ်လာရင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာကောင်းရဲ့လို့ မျှော်လင့်ကြသူတွေရှိပါတယ်။ ခင်ဗျားမှာရော အဲသလို မျှော်လင့်ချက်မျိုးရှိပါသလား။

ကင်တားနား။ ။ အခု အပြောင်းအလဲကနေ ရလာဒ်ကောင်းတွေ ထွက်လာနိုင်လောက်ရဲ့ လို့ မျှော်လင့်သူတွေ အများအပြားရှိပါတယ်။ ကျနော် အနေနဲ့ကလည်း မြန်မာ့ လူ့အခွင့် အရေးကို စိတ်ဝင်စားသူအားလုံးရဲ့ အမြင်တွေကို ထည့်သွင်း စဉ်းစားပါတယ်။ ဒါပေမဲ့ ကျနော်အနေနဲ့ သိပ်အကောင်းမမြင်မိပါဘူး။ လက်တွေ့မှာ ရွေးကောက်ပွဲကျင်းပခဲ့တယ်။ အစိုးရသစ် ဖွဲ့တယ်။ သမ္မတသစ် ပေါ်လာတယ် ဆိုတာပဲ တွေ့ရပြီး တခြားဘာမှ ထူးထူးခြားခြား မတွေ့ရသေးပါဘူး။ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ အ ထူးကိုယ်စားလှယ်တယောက်အနေနဲ့ အစိုးရသစ်ကို ကျနော်ပြောချင်တဲ့ သတင်းစကားကတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသား တယောက်ချင်းရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ တာဝန်ရှိတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်တား ဆီးဖို့ တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒါကို အစိုးရသစ်က ဘယ်လောက် အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ။

ဘီဘီစီ။ ။ အစိုးရသစ်ရဲ့ လူ့အခွင့်အရေးအဆင့်အတန်း ပတ်သက်ပြီး တိုးတက်မှုရှိမရှိကို ဘာနဲ့ တိုင်းတာမှာပါလဲ။

ကင်တားနား။ ။ ကျနော်ပြောခဲ့ဖူးတဲ့ အတိုင်းပါပဲ။ အချက်လေးချက်နဲ့ တိုင်းတာမယ်ဆိုတာကို အစိုးရကို ပြောချင်ပါတယ်။ နံပါတ်တစ် အချက်က နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ပါ။

နံပါတ်နှစ် အချက်က လွတ်လပ်ပြီး မျက်နှာမလိုက်တဲ့ တရားစီရင်ရေး စနစ် ထူထောင် ပေးဖို့ဖြစ်ပါတယ်။

နံပါတ်သုံး အချက်က လူနည်းစုတိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရပ်တန့်ရမယ်။

နံပါတ်လေး အချက်က စီးပွားရေး အခွင့်အရေး၊ လူမှုရေး အခွင့်အရေး၊ ယဉ်ကျေးမှု အခွင့်အရေးတွေကို ပြဌာန်းကာကွယ်ပေးရမယ်။

ဒီအချက်တွေရှိမရှိနဲ့ တိုင်းတာမှာပါ။

ဘီဘီစီ။ ။ ဟုတ်ကဲ့ နောက်လမှာ မြန်မာနိုင်ငံကို သွားခွင့်ရရင် ဘာတွေလုပ်မှာပါလဲ။

ကင်တားနား။ ။ စောစောက ပြောခဲ့တဲ့ အချက်တွေကို အစိုးရနဲ့ ဆွေးနွေးပါမယ်။ ပြီးတော့ အရင်တခေါက်က ကျနော်သွားခဲ့တဲ့ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ တခြားပြည်နယ် တချို့ ကို လည်း သွားခွင့်တောင်းပါမယ်။ အခုလူ့အခွင့်ကောင်စီကို ကျနော်အစီရင်ခံလို့ ပြီးပါပြီ။ နောက်တဆင့်အတွက် ကျနော် အလုပ်စပါတော့မယ်။