မြန်မာနယ်စပ် ကို သွားလေ့လာခဲ့တဲ့ ဗြိတိန် အမတ် ရဲ့ အစီရင်ခံစာ

  • 11 မတ် 2011
shan army
Image caption ရှမ်းပြည်နယ် အတွင်း အစိုးရ တပ်တွေ တိုးလာမှာ ကို စိုးရိမ် နေကြ

ဗြိတိသျှ အထက်လွှတ်တော်အမတ် နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စ Baroness Cox ဦးဆောင်တဲ့အဖွဲ့ တဖွဲ့ဟာ ထိုင်း မြန်မာ နယ်စပ်ကို မကြာခင် က သွား ရောက် ခဲ့ပြီး အဲဒီက မြန်မာ နိုင်ငံသားတွေ ရဲ့အခြေအနေ တွေ အကြောင်း အစီရင်ခံ စာတစောင် ထုတ်ပြန် လိုက်ပါတယ်။

မစ္စ Cox ဟာ ရှမ်းပြည်နယ်နဲ့ထိစပ်နေတဲ့ ထိုင်းမြန်မာ နယ်စပ် က ပရဟိတအဖွဲ့ တွေ၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ၊ မြန်မာ ဒုက္ခသည်တွေ၊ ရွာပုန်း ရွာရှောင် တွေ၊ နောက်ပြီး SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း က ဗိုလ်မှူးကြီး ရွက်ဆစ် တို့နဲ့ တွေ့ဆုံခဲ့ ပြီး နယ်စပ်မှာ သူ အဓိက ဘာတွေ တွေ့ရသလဲ ဆိုတာကို ပြောပြ ရာမှာ တော့ စိုးရိမ်စရာ အချက်တွေ အတော်များများ တွေ့ရ ပါတယ်၊ ပထမ တချက် ကတော့ စစ်ရေးဘက် ကပါ၊ ရှမ်းပြည် အရှေ့ အလယ်ပိုင်းမှာ မြန်မာ နအဖ စစ်တပ် က စစ်တိုင်း တတိုင်း လုပ်မယ် ဆိုပြီး မြေနေရာ တွေယူ၊ လမ်းတွ ဖောက်နဲ့ လူတွေ အတော်လေး စိုးရိမ်နေကြ သလို တိုက်ပွဲတွေ ပိုဖြစ် လာမှာ လည်း စိုးရိမ် ကြ ပါ တယ်၊ နောက်ပြီး စစ်မှုမထမ်း မနေရ ဥပဒေအပေါ် မှာလည်း လူတွေ အတော် ထိတ်လန့် နေကြ ပါတယ်၊ အဲဒီဒေသ တွေမှာ အခွန် အတုတ်တွေလည်း များ တယ် လို့ ပြောကြ တယ်၊ ဒီလို အခြေအနေတွေကြောင့် ရွာပုန်း ရွာရှောင် တွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေ သလို ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကိုယ့် ရပ်ရွာကို စွန့်ခွာ နေ ရတဲ့ လူ အရေ အတွက် ဟာ လျော့ကျ သွားတယ် လို့ မရှိသေး ပါဘူး လို့ ဆိုပါတယ်။

တခြား ထိုင်းမြန်မာ နယ်စပ်တွေ မှာလို ရှမ်းပြည်နယ် ဘက်ခြမ်းမှာလည်း အခြေအနေ တွေက အရင် အတိုင်း ဆိုးဝါး နေဆဲလို့ သူက ပြောသလို ထိုင်း ဘက်ကို ထွက်ပြေး လာတဲ့ မြန်မာ နိုင်ငံသားတွေ ဟာလည်း နိုင်ငံတကာ အကူအညီတွေ ပေါ်မှာပဲ မှီခို နေရတယ်၊ ဒါကြောင့် ဗြိတိသျှ အစိုးရရဲ့ အကူအညီ တွေ လည်း ဆက်ပေးဖို့ ပန်ကြား ကြ တယ် လို့ သူ က ဘီဘီစီ ပြောပြ သွား ပါတယ်။

သူ့အနေ နဲ့ မြန်မာပြည် က အခြေအနေတွေ ကောင်းမွန် လာအောင် ဗြိတိန်နဲ့ ဥရောပ အစိုးရ တွေ ကနေ မြန်မာအစိုးရ အပေါ် ဖိအားပေး ပြောဆိုဖို့ အတွက် လည်း ဆက် လက် တိုက်တွန်း သွားမယ် လို့ ဆိုပါတယ်။