ဂျပန်ရောက် မြန်မာတွေရဲ့ ငလျင် အတွေ့အကြုံ

  • 12 မတ် 2011
quakeshelter ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန် သားအမိကို ငလျင်လှုပ်ပြီးစ တွေ့ရပုံ

ပြီးခဲ့တဲ့ သောကြာနေ့က ဂျပန်နိုင်ငံ မှာ အင်အားကြီးတဲ့ ငလျင်လှုပ်တဲ့ အတွက် ဆူနာမီ ဒီလှိုင်းတွေ ပါ တက်လာလို့ ဂျပန်နိုင်ငံမှာ ပျက်ဆီးဆုံးရှုံးမှု တွေနဲ့ အတူ၊ လူသူသေဆုံး၊ ပျောက်ဆုံးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ မှာ မြန်မာတိုင်းရင်းသားတွေ အများအပြား ရှိကြတဲ့ အတွက်၊ သူတို့ရဲ့ အသက်အိုးအိမ်၊ ထိခိုက် ဆုံးရှုံးမှု ရှိမရှိ သိရအောင် ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

တိုကျိုမြို့နေ ဦးသန်းဆွေ က မြို့တွင်းမှာ ခြောက်ကပ်နေပြီး၊ ခါတိုင်းဖွင့် နေကြ စားသောက်ဆိုင်တွေ ပိတ်နေတဲ့အပြင်၊ လိုချင်တဲ့ အရေးပေါ် အစား အစာ ဝယ်ဖို့၊ အခက်အခဲ ရှိနေပုံ ကို ဘီဘီစီကို ရှင်းပြပါတယ်။ ချီဘား ရှိ ဓါတ်အားပေး စက်ရုံ မီးလောင်ရာက၊ တိုကျို ကို လျှပ်စစ်ဓါတ်အား ပေးရာမှာ ပြတ်တောက်မှု ရှိနိုင်လို့ ဖရောင်းတိုင်၊ လက်နှိပ်ဓါတ်မီး စတာတွေ ဆောင်ထားကြောင်း ပြောပါတယ်။

တိုကျိုမြို့၊ ကိုဒိုးခူး နေ ကိုစောဘလှသိန်း က လဲ အလုပ်က မသွားရင် မဖြစ်လို့ သွားရပုံ၊ ရထားအချို့သာ ပြေးဆွဲကြောင်း၊ ဘီဘီစီ ကို ပြောပြပါတယ်။ ငလျင်ဒဏ်ကြောင့် သူ့ရဲ့ နေအိမ်မှာ ပျက်စီးမှု ရှိပုံ၊ ကိုဒိုးခူး မှာ ဂျပန်လူမျိုး လေးဦး သေဆုံးပုံ၊ တိုကျို မှာ အနည်းဆုံး လူနှစ်ဆယ် သေဆုံးကြောင်း၊ မြန်မာ တိုင်းရင်းသားတွေထဲက အသေအပျောက် သတင်း မကြားရပုံ တွေ ဘီဘီစီ ကို ရှင်းပြပါတယ်။

နျူကလိယပ် ဓါတ်ပေါင်းဖို ရှိရာ ဖူကူရှီးမား ခရိုင်မှာ မြန်မာ တချို့ ရှိပေမဲ့ အဆက်အသွယ် မရသေးတဲ့ အကြောင်းလဲ သိရပါတယ်။