မြန်မာဒုက္ခသည်တွေကို အီးယူအရာရှိ သွားရောက် ကြည့်ရှု

  • 13 မတ် 2011

ဥရောပသမဂ္ဂရဲ့ လူသားချင်း ကူညီထောက်ပံ့မှု ဆိုင်ရာ ကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ဂျော်ဂျီဗားဟာ စနေနေ့ကစလို့ ထိုင်းနိုင်ငံကို ရောက်နေကာ၊ တနင်္ဂနွေနေ့မှာတော့ မဲဆောက်မြို့ မဲလဒုက္ခသည် စခန်းနဲ့ ထိုင်းမြန်မာ ချစ်ကြည် ရေး တံတားကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

Image caption ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို ပြန်နိုင်ဦး မယ့် အခြေအနေမျိုး မရှိဘူးလို့ဆို

ဒုက္ခသည်တွေရဲ့ အခြေအနေဟာ မြန်မာနိုင်ငံကို လွယ်လွယ်နဲ့ ပြန်နိုင်ဦးမယ့် အခြေအနေမျိုး မရှိ တဲ့ အတွက် ရေရှည် ရပ်တည်နိုင်ရေးကို ထည့် သွင်း စဉ်းစားဖို့ လိုတယ်လို့ မစ္စစ် ဂျော်ဂျီဗားက ဆိုပါတယ်။

သူတို့ကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေးဖို့၊ ရွှေ့ပြောင်း အလုပ်သမား အစီအစဉ်နဲ့ ဆက်စပ် ခွင့်ပြုသင့်တယ်လို့လည်း သူကဆိုပါတယ်။ အခုလို လုပ်ခြင်းအားဖြင့် ဒုက္ခသည်တွေကို သူတို့ ခြေထောက်ပေါ် သူတို့ ရပ်နိုင်အောင် ဆောင်ရွက်ပေးရာ ရောက်သလို ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်နေတဲ့ အခြေအနေ ကိုလည်း ဖြေရှင်းနိုင် လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူက လက်ရှိ ဒုက္ခသည်တွေ ရရှိနေတဲ့ အကူအညီ အထောက်အပံ့ ပမာဏဟာ လုံလောက်တယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည် အများစုဟာ သူများအပေါ်မှာ မှီခိုနေရ တာထက် အလုပ်လုပ်နိုင်ဖို့ကို ပိုပြီး အလိုရှိနေရာ၊ သူတို့ အတွက် အလုပ်လုပ်နိုင်အောင် ကူညီ ပံ့ပိုးပေးတဲ့ အစီအစဉ်တွေကို လုပ်သွားမယ်လို့ ဆိုပါတယ်။

ကူညီထောက်ပံ့ငွေကို လက်ရှိအနေအထားအတိုင်း ဆက်လက်ပေးသွားဖို့ ရှိပေမယ့် လူသားချင်း စာနာမှု အကူအညီနေရာမှာ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အဖြစ် ပြောင်းလဲ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီအကူအညီတွေဟာ ပညာရေးအကူအညီတွေ၊ လေ့ကျင့်သင်တန်းပေးရေး အကူညီတွေ၊ အလုပ် လုပ်နိုင်မယ့် အရည်အသွေးတွေ တည်ဆောက်ပေးမယ့် အကူအညီမျိုးတွေ ဖြစ်မယ် လို့ ဆိုပြီး၊ ဒီအစီအစဉ်မျိုးတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ထိုင်းဝန်ကြီးချုပ်နဲ့ မနက်ဖြန် တွေ့ဆုံတဲ့ အခါ သူအနေနဲ့ ဆွေးနွေးမယ်လို့ ပြောဆိုသွား ပါတယ်။