လူ့အခွင့်အရေးနေ့ ကျင်းပ

  • 13 မတ် 2011

ဒီကနေ့ မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုတဲ့ အမှတ်တရ အခမ်းအနားတွေ ပြည်တွင်းပြည်ပမှာ ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။

Image caption ရှစ်လေးလုံး အရေးတော်ပုံ မြင်ကွင်း

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် တယောက် အာဏာပိုင်တွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ပြီး အဲဒါကို လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အာဏာပိုင်တွေ စောင့်ကြည့် နေတဲ့ကြားကပဲ ၈၈မျိုးဆက် ကျောင်းသားတွေနဲ့ ၉၆ မျိုးဆက် ကျောင်းသားတွေ ပေါင်းစုပြီးတော့ ၅ထပ်ကြီး ဘုရားဝန်းထဲက မြန်အောင်ကျောင်း တိုက်မှာ ကိုဖုန်းမော်နဲ့ ကျဆုံးသွားသူတွေအတွက် ဆွမ်းကပ် အမျှဝေပွဲ ကျင်းပခဲ့ပါတယ်။

ကိုဖုန်းမော် သေရတာဟာ ပြည်သူတွေကို ဖိနှိပ်တဲ့ အုပ်ချုပ်မှုအောက်မှာ သေရတာပဲ၊ ဒါကို ပြည်သူလူထုကို သတိရစေချင်တယ်၊ ကွယ်လွန်သွားတဲ့ ကိုဖုန်းမော်နဲ့ ရဟန်းရှင်လူ ကျောင်းသားတွေကိုလည်း အမျှဝေပါတယ်လို့ ဒီပွဲ ဦးဆောင် ကျင်းပတဲ့ ၈၈ မျိုးဆက် တဦးဖြစ်တဲ့ ကိုသိန်းဌေးက ဘီဘီစီကို ပြောပါတယ်။

ထောင်ထဲမှာရှိတဲ့ ၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပြန်လည် လွတ်စေ ချင်တဲ့ ဆန္ဒတွေလည်း ပါတယ်၊ အဲဒီအတွက် ကျနော် တို့က ရဟန်း သံဃာတွေကို ကျနော် တို့က ဆွမ်းကပ်တာလို့ သူက ဆိုပါတယ်။

ဒီပွဲကို အန်အယ်လ်ဒီ ပါတီက ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဦးဝင်းတင်၊ ဦးအုန်းကြိုင်တို့ တက်ရောက်သလို ဒီမိုကရက်တက် ပါတီ မြန်မာက ဦးသုဝေ နဲ့ ဒေါ်သန်းသန်းနုတို့ အဖွဲ့ အပါအဝင် လူတရာနီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနဲ့ မြေလတ် ကျောင်းသားသမဂ္ဂ အဖွဲ့တွေက လည်း ဖုန်းမော်နေ့ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အဝတ်စ အနက်တွေ ဝေသလို လက်ကမ်း စာစောင်တွေကို ရန်ကုန်တိုင်း၊ လှည်းတန်း တာမွေ တောင်ဥက္ကလာ စတဲ့ မြိုနယ် ၈ မြို့နယ်မှာ ဖြန့်ဝေခဲ့တဲ့ အကြောင်း ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်ကပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်နဲ့ ချောင်းသာမြို့တွေမှာလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဦးဆောင်ပြီး မြန်မာ့ လူ့အခွင့်အရေးနေ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲ အခမ်းအနားတွေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

နယူးဒေလီမြို့မှာတော့ အိန္ဒိယက ဒီမိုကရေစီ အင်အားစုတွေက အိန္ဒိယ ပါလီမန်အနီးမှာ ရှိတဲ့ ဂျန်တားမန်တား ပန်းခြံမှာ ချီတက်ဆန္ဒ ပြခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ အရပ်သား တွေ ခိုက်ရန်ဖြစ်ပွားရာကစတင်တဲ့ အဓိကရုဏ်းမှာ စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ် နှိမ်နင်းရာကနေ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ကြပါ တယ်။

ကိုဖုန်းမော်က နေရာမှာတင် သေဆုံးတာဖြစ်ပြီး ကိုစိုးနိုင်ကတော့ ဆေးရုံကျမှ သေဆုံးသွား ခဲ့တာ ဖြစ်ပါတယ်။

စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲအထိ စစ်တပ်က ဝင်ရောက်ပြီး ပစ်ခတ်ခဲ့လို့ ကျောင်းသား တွေ သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုကို အဲဒီတုန်းက အစိုးရက ချက်ချင်း လက်မခံဘဲ ငြင်းဆန်ခဲ့ သလို သေနတ်နဲ့ ပစ်ရာမှာလည်း မြေကြီးကို ရှပ်ပြီးပစ်ခတ်ခဲ့တာပါလို့ ပြောခဲ့တဲ့အတွက် ကျောင်းသားတွေက မကျေနပ်ကြရာကစပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံ လုံး တောရော မြို့ပါမကျန် ဆန္ဒပြလှုပ်ရှားခဲ့တဲ့ အရေးအခင်းကြီး ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။