ဂျပန် ဓါတ်ပေါင်းဖို အန္တရာယ်

  • 14 မတ် 2011
fukushima ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption နျူကလိယပ်စက်ရုံ စစ်ဆေးနေပုံ

ဂျပန်နိုင်ငံ ဖူကူရှီးမား ခရိုင်မှာ ရှိတဲ့ နျူကလီးယား ဓါတ်အားပေး စက်ရုံတွေမှာ ငလျင်နဲ့ ဆူနာမီ ဒီလှိုင်းဒဏ်ကြောင့် အအေးပေး စံနစ်တွေ ပျက်သွားတဲ့ အတွက် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ကြောင့် ဓါတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်ခဲ့ရင် လူအများအပြား အန္တရာယ် ရှိနိုင်ပါတယ်။

လက်ရှိ တွေ့ရှိချက်တွေ အရ၊ ဒီပေါက်ကွဲမှု ကနေ ဓါတ်ရောင်ခြည် ယိုစိမ့်မှု ဟာ အန္တရာယ် မရှိနိုင်သေးတဲ့ အကြောင်း၊ ကြိုတင်ကာကွယ်တဲ့ အနေနဲ့လဲ ဂျပန် အာဏာပိုင်တွေဟာ၊ စက်ရုံ အနီးနေ ပြည်သူတွေကို ကီလိုမီတာ နှစ်ဆယ် အကွာအဝေးထိ ပြောင်းရွှေ့ကြဖို့ စီစဉ်လိုက်တဲ့ အကြောင်း၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် မှ ရူပဗေဒ ပညာရှင် ဒေါက်တာကျော်တင့် က ဘီဘီစီ ကို ရှင်းပြပါတယ်။

နျူကလီးယား ဓါတ်ပေါင်းဖို အတွင်းရှိ လောင်စာချောင်းတွေ အပူလွန်ကဲရာက၊ ပေါက်ကွဲမှု ဖြစ်မှသာ အထိန်းအကွပ် မရှိနိုင်တော့ပဲ ဓါတ်ရောင်ခြည် တွေ ယိုစိမ့်ထွက်လာ နိုင်ပြီး၊ လူထုကို အဆိပ်သင့်စေနိုင်ပုံ ကို ဒေါက်တာကျော်တင့် က ပြောပြပါတယ်။

ဂျပန်နိုင်ငံ လို ငလျင်ဒဏ် ကြိုတင် ကာကွယ်ထားတဲ့ နေရာမှာပင်၊ နျူကလီးယား ဓါတ်အားပေး စက်ရုံ ပေါက်ကွဲမှု ဖြစ်နိုင်တဲ့အတွက် မြန်မာနိုင်ငံ လို နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံ မှ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်ရေး စိတ်ဝင်စားနေလို့ ဂျပန်မှ သင်ခန်းစာ ရယူနိုင်ရေးမှာ ရုရှ နဲ့ မြောက်ကိုးရီးယား မှ အတုယူတာထက်၊ ဂျပန် နဲ့ နီးစပ်မှုယူပြီး ကြိုတင်ကာကွယ်ရေး စံနစ် ယူသင့်ပုံ ကို ဒေါက်တာကျော်တင့် က အကြံ ပြုပါတယ်။