ဖီဖါ ဥက္ကဌ မြန်မာနိုင်ငံကို လာရောက်

  • 15 မတ် 2011
Blatter
Image caption မန္တလေး ဘောလုံးအကယ်ဒမီ အဆောက်အအုံကို မစ္စတာ ဘလက်တာ ဖွင့်လှစ်ခဲ့

FIFA ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ Mr Sepp Blatter ဟာ မြန်မာ နိုင်ငံကို ၂ရက်ကြာ ခရီးစဉ် အဖြစ် ဒီကနေ့ ရောက်ရှိ လာပါတယ်။

ဒါဟာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ တစ်ယောက် အနေနဲ့ မြန်မာ နိုင်ငံကို ပထမဆုံး အကြိမ် လာရောက်တာလဲ ဖြစ်ပါတယ်။

မြန်မာ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာတဲ့ Mr Sepp Blatter ဟာ ဒီကနေ့ နေ့လည်က FIFA ရဲ့ Goal Project တစ်ခု ထဲမှာ ပါတဲ့ မန္တလေးက ဘောလုံး အကယ်ဒမီ ဖွင့်ပွဲကို သွားရောက် ဖွင့်လှစ် ပေးခဲ့ပါတယ်။

အဲဒီနောက် ရန်ကုန်ကို ပြန်လာပြီး သုဝဏ္ဏ အားကစားရုံက ပန္နက်ရိုက် အခမ်းအနား တခုကိုလည်း သွားရောက်ခဲ့ပါတယ်။

မစ္စတာ ဘလက်တာက မြန်မာနိုင်ငံဟာ အာရှ အားကစားလောကမှာ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားနိုင်ဖွယ် ရှိတယ်လို့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဘောလုံး အားကစားဟာ နိုင်ငံရေးနဲ့ အစိုးရ ထောက်ခံအားပေးမှု မပါပဲ ရပ်တည်လို့ မရကြောင်း၊ ဒါ့ကြောင့် မနက်ဖြန်မှာ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို သူ သွားရောက် တွေ့ဆုံမှာ ဖြစ်ကြောင်း မစ္စတာ ဘလက်တာ က ပြောသွားပါတယ်။