တိုကျိုက မြန်မာတွေ နျူ အန္တရာယ် စိုးရိမ်နေ

  • 16 မတ် 2011

ဂျပန် နိုင်ငံမှာ သောကြာနေ့က မြေငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဒီလှိုင်း ဖြစ်ခဲ့တဲ့ အတွက် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စက်ရုံ ပေါက်ကွဲရာက ထွက်လာတဲ့ ဓါတ်ရောင်ခြည် အန္တရာယ်ကြောင့် လူတွေ စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန် နိုင်ငံ မြောက်ပိုင်း ဖူကူရှီးမား နျူကလီးယား စက်ရုံ ပေါက်ကွဲမှု

တိုကျိုမြို့မှာ တော့ အနုမြူ ဓါတ်ရောင်ခြည် ပျံ့နှံ့မှု သိပ်မများ ပေမဲ့ လက်ရှိ အခြေ အနေ တွေကြောင့် လူတွေ အထိတ်တလန့် ဖြစ်နေကြ ပါတယ်။

လူအတော် များများဟာ ခေါင်းစွပ်၊ လက်အိပ်၊ မျက်နှာဖုံး နဲ့ မျက်မှန် စတာတွေကို အသုံးပြုပြီး ခန္ဓာ ကိုယ်ကို ကာကွယ်ထားကြတာ တွေ့မြင် ကြရပြီး သူကိုယ်တိုင် လည်း အလားတူ ဝတ်ဆင် ထားတယ်လို့ တိုကျိုမှာ နေတဲ့ မြန်မာ့ အရေး လှုပ်ရှားသူ ဒေါက်တာ မင်းညိုက ပြောပါတယ်။

ဒါ့အပြင် လူတိုင်းလိုလိုဟာ ဆန်အိတ်တွေ စားစရာတွေကို အနည်းဆုံး နှစ်ပတ်စာ လောက် တော့ စုဆောင်း ထားကြတယ်လို့ လည်း သူက ပြောပါတယ်။

နျူကလီးယား ဓါတ်ရောင်ခြည် သင့်နိုင်တဲ့ အန္တရာယ်ကို စိုးရိမ်ကြတဲ့ အတွက် ဂျပန် နိုင်ငံကို ခရီးသွားလာမှု ဆိုင်ရာ သတိပေးတဲ့ နိုင်ငံတွေ ပိုများ လာ ပါတယ်။ ပေါက်ကွဲမှု ဖြစ်ရာ ဒေသအတွင်း နေထိုင်ကြသူ တွေကိုသာမက တိုကျိုမြို့မှာ နေထိုင်ကြသူတွေ ကိုပါ ဖြစ်နိုင်ရင် အဲဒီ နေရာတွေကနေ ထွက်ခွါ ဖို့ သြစတြေးလျ၊ ပြင်သစ် စတဲ့ နိုင်ငံ တို့က သူတို့ နိုင်ငံသား တွေကို သတိပေး ထားပါတယ်။

တိုကျိုက မြန်မာ သံရုံးကလည်း မြန်မာ နိုင်ငံကို ပြန်လိုတဲ့ နိုင်ငံသား တွေကို ထောက်ခံစာ ထုတ်ပေးမယ်လို့ ကြေညာ ထားတာ ကြားတဲ့ အကြောင်း ဒေါက်တာ မင်းညိုက ပြော ပါ တယ်။

မြန်မာ နိုင်ငံသားတွေ အများစု ကတော့ ဂျပန်မှာ ဗီဇာ သက်တမ်းကုန်ပေမဲ့ ဆက်လက် နေထိုင် နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မြန်မာ နိုင်ငံကို ပြန်ချင်တယ် ဆိုရင် သံရုံးမှာ ထောက်ခံစာ ယူပြီး ဂျပန် လူဝင်မှု ကြီးကြပ်ရေး ရုံးကို သွားရောက် စာရင်းပေးပြီး ပြန်နိုင် ပါတယ်။

နျုကလီးယား အန္တရာယ် ကြောင့် တိုကျိုမှာ နေလို့ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုရင် တောင်ပိုင်းက တစ်နေရာရာမှာ သွားရောက် ပြောင်းရွှေ့ နေထိုင်နိုင်ရေး အတွက် ဂျပန် အစိုးရ၊ ဂျပန် အလုပ်သမား သမဂ္ဂ စတာ တွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး စီစဉ် ပေးနိုင်အောင် ကြိုးစားနေတယ်လို့ ဂျပန် ဘားမား ရုံးက ဒေါက်တာ မင်းညိုက ပြောပါတယ်။