NLD က စည်းရုံးရေးတွေ တိုးချဲ့မည်

  • 16 မတ် 2011
DASSK ဓာတ်ပုံ မူပိုင် AP
Image caption တာဝန်သိစိတ်က အကြောက်တရား ကင်းစေမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်နယ်နဲ့တိုင်းဒေသအသီးသီးက အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသတစ်ခုချင်းစီ အလိုက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေ ရာမှာ ဗုဒ္ဓဟူးနေ့ကလည်း စစ်ကိုင်းတိုင်းက အဖွဲ့ဝင် ၅၀ ကျော်နဲ့ ရန်ကုန် ရွှေဂုံတိုင် ရုံးချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဘက်ကတော့ ပါတီတွင်း စည်းရုံးရေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုံးကြိုင်က ပြန်ပြောပြ ပါတယ်။

ဒါပေမယ့် မြန်မာအာဏာပိုင်တွေက NLD ရဲ့ လုပ်ငန်းတွေကို ကန့်သတ်ချုပ်ချယ်တာ၊ လူထုအနေနဲ့လည်း အာဏာပိုင်တွေရဲ့ ဖိနှိပ်ခံရမဲ့အပေါ် အကြောက်တရား ရှိနေတဲ့အတွက် စည်းရုံးရေးလုပ်ငန်းတွေမှာ အကန့်အသတ် ရှိနေကြောင်း သိရပါတယ်။

ဒီအပေါ် NLD ဗဟိုဘက်ကတော့ တိုင်းစည်း၊ မြို့နယ်စည်း၊ ရပ်ကျေးစည်းရုံးရေး အဖွဲ့တွေ အနေနဲ့ တာဝန်သိစိတ်ယူကြရင် အကြောက်တရား ကင်းလာပြီး လူထုနဲ့ ပိုမို ထိတွေ့ ဆောင်ရွက် နိုင်လာကြမယ်လို့ ပြောကြောင်း ဦးအုံးကြိုင်က ပြောပြပါတယ်။

အစည်းအဝေးမှာ စစ်ကိုင်းတိုင်း NLD အဖွဲ့ဝင်တွေကလည်း သူတို့ဒေသမှာ ဖြစ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

တချို့ဒေသတွေမှာတော့ NLD အဖွဲ့ဝင်တွေအနေနဲ့ လူအင်အားနည်းလို့ စည်းရုံးရေး သိပ်မလုပ်နိုင်သလို တစ်ဘက်မှာလည်း အတားအဆီး အကန့်အသတ်တွေ ရှိနေတယ်၊ လူမှုရေးလုပ်ငန်းတွေမှာတောင် NLD နာမည်တပ်ပြီး လှုပ်ရှားလို့ မရဘူးလို့ စစ်ကိုင်းတိုင်း NLD ဒုတိယ ဥက္ကဌ စာရေးဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။

ဒါပေမယ့် တိုင်းရုံးနဲ့ မြို့နယ်တချို့မှာတော့ ပုံမှန် အစည်းအဝေးတွေ လုပ်ရာမှာ အနှောက် အယှက် ကြီးကြီးမားမား မတွေ့ရဘူးလို့ သူက ပြောပါတယ်။

နောက်ပြီး ''အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး နောက်ပိုင်း နိုင်ငံရေး အရှိန်က တော်တော်ကို ကောင်းပါတယ်။ အထူးသဖြင့် မြို့နယ်ထက် ရပ်ကျေးစည်းတွေကို ပြန်ပြီး စုစည်းဖို့ သေသေချာချာ အစီအစဉ်လုပ်ပြီး ဆက်ပြီးတော့ လှုပ်ရှားဖို့ အစီအစဉ်ရှိပါတယ်'' လို့ မုံရွာ အောင်ရှင်က ဘီဘီစီကို ပြောပါတယ်။