ဒေသ ကိစ္စ တွေကိုသာ လွှတ်တော်မှာ တင်ပြနေကြ

  • 16 မတ် 2011

မြန်မာ နိုင်ငံမှာ ဆက်လက် ကျင်းပနေတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် တို့မှာ ဒေသဆိုင်ရာ မေးခွန်းနဲ့ အဆိုတွေကိုဘဲ တင်ပြ ပြောဆို နေကြ ပါတယ်။

ဓာတ်ပုံ မူပိုင် mrtv
Image caption လွှတ်တော်တွင်းမှာ မေးဖြေ တာတွေကို ကိုယ်စား လှယ်တွေ ကြားမှာ အားမရကြ

ပင်စင်လစာ တိုးပေးရေး၊ ကောက်ပဲသီးနှံ စျေးနှုန်း သတ်မှတ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စတဲ့ လူမှုရေး စီးပွားရေး ကိစ္စ တို့ကို တင်ပြ ခဲ့ကြရာမှာ ချင်းပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ အကြောင်း၊ ရှမ်းနဲ့ ကချင် လူမျိုးတွေကို မှတ်ပုံတင် ထုတ်ပေးရာမှာ ဗမာ ဗုဒ္ဓ ဘာသာလို့ ဖော်ပြတာ ဘာကြောင့်လဲ စတာ တွေ ကို မေးခွန်း ထုတ်ခဲ့ကြတာ ဖြစ်ပါ တယ်။

အစိုးရဝန်ကြီးတွေ ကလည်း အကောင်းဆုံး လုပ်ပေးနေ တယ်လို့ ပြောပါတယ်။ လွှတ်တော် တွင်းမှာ မေးခွန်း မေးတဲ့သူတွေ ကိုရော အဖြေတွေ ကိုပါ အားမလို အားမရ ဖြစ်နေ တာတွေ ရှိတယ်လို့ အမျိုးသားလွှတ်တော် အမတ် ဦးမျိုးတင့်လွင်က ပြောပါတယ်။

လွှတ်တော်မှာ မြင်တွေ့ နေရတာတွေက အဆိုတင်သွင်းလိုက်ပြီ ဆိုရင် မေးခွန်းကို ပြန်ပြင်ခိုင်းလို့ ပြောင်းပစ်ရတာက များနေပြီး ကိုယ်တင်တဲ့ အဆိုနဲ့ မအပ်စပ်တာတွေ ရှိတာ မြင်နေရတယ်လို့ လည်း သူက ပြောပါတယ်။

လက်ရှိ အနေအထားမှာ အစိုးရသစ် ကလည်း ဖြစ်မလာသေးတော့ ဆန္ဒတွေ စောပြီး အဆိုတွေ တင်သွင်း၊ မေးခွန်းတွေ မေးဖို့ ဆိုတာကလည်း သိပ်မဖြစ်နိုင် သေးလို့ အများကြီး လေ့လာဖို့ လိုသေးတယ်လို့ ယူဆကြောင်းလည်း ဦးမျိုးတင့်လွင်က ပြောပါတယ်။

လွှတ်တော် ဘယ်တော့ ပြီးမယ်ဆိုတာ မသိရသေးပေမဲ့ လာမယ့် တစ်လ လောက် အထိတော့ ကြာနိုင်ဖွယ် ရှိတယ်လို့လည်း သူက ပြောပါတယ်။

အခု ကျင်းပနေတဲ့ လွှတ်တော်ကို လေးရက် ရပ်နားထားမှာ ဖြစ်ပြီး တနင်္လာနေ့ ကျမှ ပြန်စ မှာ ဖြစ်ပါတယ်။