မြန်မာ နိုင်ငံအတွက် ကုလသမဂ္ဂ မဟာဗျူဟာ အခြေခံမူ ရေးဆွဲပြီ

  • 17 မတ် 2011
Image caption UNFPA ဆွေးနွေးပွဲ

မြန်မာနိုင်ငံ အတွင်းမှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ လူသားချင်း စာနာ ကူညီ ထောက်ပံ့မှု ဆိုင်ရာ စိန်ခေါ်မှုတွေ ၊ တိုးတက် ဖြစ်ထွန်းမှု ဆိုင်ရာ စိန်ခေါ်မှု တွေကို ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်အပြီးမှာ ၂ဝ၁၂ နဲ့ ၂ဝ၁၅ ခုနှစ် ကြားကာလ အတွက် ဒီ ကုလသမဂ္ဂ မဟာဗျူဟာ အခြေခံမူတွေ ရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဌာနတွေ အားလုံးနဲ့ အရေးပါတဲ့ အချက်အလက်တွေကို ဆွေးနွေး ပြောဆိုခဲ့ အပြီးမှာ ကုလသမဂ္ဂ အနေနဲ့ သူတို့ အဓိက ဦးစားပေး ဆောင်ရွက်မယ့် အချက်တွေကို သဘောတူခဲ့ ကြတာလို့ သိရပါတယ်။

မဟာဗျူဟာ အခြေခံမူမှာ ပါတဲ့ အဓိက အချက်ကြီး ၄ချက် ကတော့ ကျေးလက်ရော မြို့ပြပါ စိုက်ပျိုး မွေးမြူရေး အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာအောင် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာအောင် ဖော်ဆောင် ပေးဖို့ ၊ အရည်အချင်း ပြည့်မှီတဲ့ လူမှု ဝန်ဆောင်မှု လုပ်ငန်းတွေကို ပိုပြီး ခံစားနိုင်ခွင့် ရနိုင်ဖို့ ၊ သဘာဝ ဘေးကပ်ဆိုးကြီး တွေနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို ခံနိုင်ရည်စွမ်း နည်းပါးနေမှု လျော့ကျသွားစေဖို့ နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီ နည်းကျတဲ့ အဆောက်အအုံနဲ့ အခွင့်အရေးတွေ ခိုင်မာလာရေး မြှင့်တင် ပေးဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

မြန်မာ အစိုးရဟာ ပညာရေး အခန်းကဏ္ဍအတွက် နိုင်ငံ အသုံးစရိတ်ရဲ့ ၄.၁ ရာခိုင်နှုန်းပဲ သုံးဖို့ ရာထားသလို ကျန်းမာရေး ကဏ္ဍ အတွက်လည်း ၁.၃ ရာခိုင်နှုန်းပဲ သုံးဖို့ ရာထားတာမို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာ အစိုးရဖက်က နိုင်ငံ အသုံးစရိတ်ကို ပိုသုံးဖို့ သူတို့အနေနဲ့ တောင်းဆို ထားတယ်လို့ ဒီ အခြေခံမူ ရေးဆွဲ ရာမှာ ပါဝင်ခဲ့သူ မြန်မာနိုင်ငံ ဆိုင်ရာ UNFPA ကုလသမဂ္ဂ လူဦးရေပိုင်း လှုပ်ရှား ဆောင်ရွက်မှု ရံပုံငွေ အဖွဲ့ကြီးရဲ့ အကြီးအကဲ မိုဟာမက် အက်ဘ်ဒဲလ် အဟက်ဒ် က ဘီဘီစီကို ပြောပါတယ်။

မဟာဗျူဟာပိုင်း ဆိုင်ရာ အခြေခံမူတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံ အစိုးရနဲ့ တင်မက မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက အရေးပါ သူတွေ အားလုံးနဲ့ပါ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး ကလည်း အရေးပါလှကြောင်းနဲ့ ဒီကိစ္စကို စိတ်ဝင်စားသူ မှန်သမျှနဲ့ ထိတွေ့ ဆက်ဆံ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒီအခြေခံမူတွေ ရေးဆွဲရာမှာ ပါဝင်ခဲ့သူ မြန်မာနိုင်ငံ ဆိုင်ရာ UNFPA ကုလသမဂ္ဂ လူဦးရေပိုင်း လှုပ်ရှား ဆောင်ရွက်မှု ရံပုံငွေ အဖွဲ့ကြီးရဲ့ အကြီးအကဲ ဖြစ်သူ မိုဟာမက် အက်ဘ်ဒဲလ် အဟက်ဒ်က ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။