အမတ်တွေ အရည်အချင်းပျက်စာရင်းသွင်းခံရ

  • 18 မတ် 2011
MPs disqualified ဓာတ်ပုံ မူပိုင် bbc
Image caption သတင်းစာက ကြေငြာနေတာ ၇၅ ယောက်ရှိပြီ

ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော် အမတ်တွေထဲက အရည်အချင်းပျက်ယွင်းသူများ စာရင်း သွင်းခံရသူတွေကို ကော်မရှင်က ဆက်ကြေငြာနေခဲ့ပါတယ်။ အခုဆို စုစုပေါင်း အမတ် ၇၅ ဦး အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် ကြေငြာ ခံလိုက်ရပါပြီ။ ဒီအထဲက တချို့ကတော့ သူတို့ကို ဘာလို့ ဒီလို လုပ်ရတာလဲဆိုတာ မေးခွန်းထုတ်နေကြပါတယ်။

ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၆ဝ အတွင်း ကုန်ကျစရိတ်တွေ ရှင်းလင်းတင်ပြရမယ်လို့ ဥပဒေပြဌာန်းချက် ရှိတဲ့အတိုင်း မတင်လို့ဆိုပြီး အခုလို စာရင်း သွင်းလိုက်တာဖြစ်ပါတယ်။

အရည်အချင်းပျက်ယွင်းသူလို့ ကြေငြာခံရသူဟာ အခုလွှတ်တော်ကာလနဲ့ နောက်ရွေးကောက်ပွဲ တစ်ကြိမ်ကို ဝင်အရွေးခံခွင့်မရှိတော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

သတ်မှတ်ချိန်အတွင်း မတင်နိုင်နဲ့ အကြောင်းရှိရင် နေပြည်တော်မှာ အကြောင်းပြချက်နဲ့ ပြန်တင်နိုင်တယ်ဆိုပြီး အိမ်တိုင်ယာရောက် အကြောင်းကြားလို့ ပြန်တင်ခဲ့ပြီးမှာ အခုလို နာမည်ပျက်စာရင်းသွင်းတာကို နားမလည်နိုင်ဘူးလို့ ဘီဘီစီက ဆက်သွယ်ခွင့်ရခဲ့တဲ့ အမတ်တွေက ပြောပါတယ်။

ကျောက်တံတားမြို့နယ်က ဝင်အရွေးခံခဲ့တဲ့ ဝံသာနု အဲန်အယ်လ်ဒီပါတီက ဦးထွန်းရွှေကလည်း သူ့မှာ မိသားစု အရေးပေါ် ကျန်းမာရေးကြောင့် ရန်ကုန်မှာ ဆေးရုံပြန်တက်နေရတဲ့ အကြောင်းကို ရှင်းပြခဲ့ပြီး ဖြစ်ပေမယ့် အခုလို အရည်အချင်း ပျက်ယွင်းသူလို့ ကြေငြာခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲ့ဒီလို သတ်မှတ်ချိန်အတွင်း ကုန်ကျစရိတ် မတင်ပြနိုင်တဲ့သူ ၁ဝဝ ကျော်ရှိတယ်လို့ သိရတဲ့အကြောင်းလည်း ဦထွန်းရွှေက ပြောပါတယ်။