နျူးကလီးယားရောင်ခြည် ဘယ်လောက်စိုးရိမ်ရလဲ

  • 17 မတ် 2011
ဓါတ်ရောင်ခြည်ယိုစိမ့်တဲ့အနုမြူစက်ရုံ ဓာတ်ပုံ မူပိုင် Reuters
Image caption ဓါတ်ရောင်ခြည်ယိုစိမ့်တဲ့အနုမြူစက်ရုံ

ဂျပန်နိုင်ငံမှာ Fukuhsima အနုမြူဓါတ်အားပေးစက်ရုံမှ ဓါတ်ရောင်ခြည်ယိုစိမ့်မှု ရပ်ဆိုင်းအောင် ကြိုးစားတဲ့အနေနဲ့ အစိုးရက အထူးစီစဉ်ထားတဲ့ မီးသတ်ကားတွေ စစ်ရဟတ်ယဉ်တွေကို အသုံးပြုပြီး ငြိမ်းသတ်နေပါတယ်။

နျူးကလီးယား ဓါတ်ရောင်ခြည်သင့်မှာ စိုးရိမ်တဲ့အတွက် အမေရိကန် နဲ့ ပြင်သစ်နိုင်ငံတွေက သူတို့နိုင်ငံသားတွေကို သယ်ဆောင်ဖို့ အထူး လေယာဉ်တွေ စီစဉ်လျက် ရှိပါတယ်။

တချို့နိုင်ငံ သံရုံးတွေကလည်း နိုင်ငံတောင်ပိုင်းရှိ အိုဆာကာလို မြို့ကြီးတွေကို ပြောင်းရွှေ့နေကြပါတယ်။ တိုကျိုမြို့ရှိ မြန်မာသံရုံးကတော့ ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများသို့ မေတ္တာရပ်ခံချက်ဆိုပြီး အင်တာနက်စာမျက်နှာ မှာ ရေးသားဖေါ်ပြထားပါတယ်။ ငလျင်ဘေးကြီးမှာ ဒဏ်ရာရသူတွေ သံရုံးကို အကြောင်းကြားကြဖို့နဲ့ သံရုံးက လိုအပ်တဲ့ အကူအညီပေးနိုင်အောင် မြန်မာနိုင်ငံသားများ ထိခိုက်မှု ရှိမရှိ ဂျပန်အစိုးရကို မေးမြန်းနေတယ်လို့လည်း ဆိုပါတယ်။

တိုကျိုမြို့ရှိ ကိုကျော်ကျော်စိုးကတော့ မြို့ပေါ်မှာ အရင်နဲ့စာရင် အသင့်စား အစားသောက်တွေ ဝယ်လို့ရပေမဲ့ ဆန်ကိုတော့ ကန့်သတ် ထားတယ်လို့ ပြောပါတယ်။ နျူကလီးယားဓါတ်ရောင်ခြည် ပျံ့တဲ့သတင်းကို ဂျပန်အစိုးရက တိကျမှန်ကန်အောင် ထုတ်ပြန်ပေးဖို့ တရုတ်အစိုးရက တောင်းဆို နေပေမဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေ ယုံကြည်မှုရှိတယ်လို့ ကိုကျော်ကျော်စိုးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption Sandai မြို့အပျက်အစီးမြင်ကွင်း

ဆူနာမီဒဏ် ဆိုးဆိုးဝါးဝါးခံရတဲ့ Sandai မြို့မှ ဒေါက်တာစိုးရွှေကတော့ အဲဒီမှာ နှင်းကျပြီး ရာသီဥတုအလွန်ဆိုးလို့ တချို့ရွာတွေအထိ ကယ်ဆယ်ရေးတွေ မရောက်နိုင်ဘူးလို့ ပြောပါတယ်။ နျူးကလီးယား ရောင်ခြည်ပျံ့တဲ့ကိစ္စနဲ့ ပါတ်သက်လို့ စိုးရိမ်မှုတွေရှိသလို လေတိုက်ရာအရပ်ကို သတင်းနားထောင်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရတယ်လို့ ပြောပါတယ်။

နျူကလီးယားဓာတ်ရောင်ခြည်က ကျန်းမာရေး ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဓါတ်ရောင်ခြည်စစ်ဆေးမှုပြုလုပ်

ဂျပန်အစိုးရက ပြောတာက ကျန်းမာရေး အတွက် ထိခိုက်အန္တရာယ်ရှိနိုင်တဲ့ ဧရိယာဟာ ၁၂ မိုင်ပတ်လည် အဆိုးဆုံး ၁၈ မိုင်ပတ်လည်အတွင်းမှာ သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ကမ္ဘာ တဝန်းက နျူကလီးယား ကျွမ်းကျင်သူတွေကလည်း သဘောတူကြပါတယ်။ ဒါပေမဲ့ အဲဒီဇုန်အတွင်းမှာ ကျရောက်နိုင်တဲ့ ကျန်းမာရေး အန္တရာယ် ဆိုးကျိုးဟာ ဘယ်လောက် ကြီးမားလိမ့်မယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဓါတ်ရောင်ခြည်ပျံ့နှံ့မှု အတိုင်းအတာ ပမာဏဟာ ဘယ်လောက်များပြားသလဲ ၊ ဘယ်လောက် တာရှည်မလဲ လူဘယ်လောက်များများအပေါ် ကျရောက်မလဲ ဆိုတာကို အတိအကျ မသိနိုင်သေးလို့ပါ။

ဒါပေမဲ့ တိုကျိုလိုနေရာမှာတော့ ကျန်းမာရေး အန္တရာယ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရဖွယ် အလားအလာ မရှိဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ရေဒီယို ဓါတ်ရောင်ခြည်ဟာ အဲသလောက် ဝေးဝေးလံ လံကို ပြင်းပြင်းထန်ထန် မထိခိုက်နိုင်ဘူးလို့ ဆိုကြပါတယ်။ တချို့က နောက် ၄၈ နာရီကြာရင် ချာနိုဘိုင်းလို အန္တရာယ်မျိုး အဆင့်အထိရောက်လာမလားလို့ စိတ်ပူကြတာမျိုးရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘီဘီစီ ဝါးလ် တူဒေးက ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဟီဒီနိုဘု ဆိုဘတ်စ် ရှီးမား ပြောပြတာကတော့ ဒီ စိုးရိမ်ပူပန်မှုဟာ သိပ်များနေတယ်လို့ ထင်ပေမယ့် ဒီပူပန်မှုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင် မှတ်ချက်ပေးနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း အခြေအနေကို ခေါင်းအေးအေးထားပြီး စောင့်ကြည့်ကြမယ်လို့ မျှော်လင့်တယ်လို့ ပြောသွားပါတယ်။

အခုဖြစ်ပျက်တဲ့ ဖြစ်ရပ်ဟာ ချာနိုဘိုင်းပေါက်ကွဲမှုနဲ့ သဘောသဘာဝချင်း သိပ်ကွာခြားတယ်လို့လည်း ဆိုကြပါတယ်။