ရော့စ် ဒန်ကလေ အာမခံမရ

  • 17 မတ် 2011
ဓာတ်ပုံ မူပိုင် AP

မြန်မာနိုင်ငံမှာ အမျိုးသမီးတဦးကို အနိုင်ကျင့် စော်ကားမှု၊ ပြည်ဝင်ခွင့် ဥပဒေ ချိုးဖေါက်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံနေရတဲ့ မြန်မာတိုင်းဂျာနယ်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေကို ဒီကနေ့ တတိယအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ အာမခံကို တရားရုံးက ပယ်ချလိုက်ပါတယ်။

ဒီကနေ့ တရားရုံးမှာ တရားလိုပြသက်သေ ၂ ဦးကို ကိုစစ်ဆေးခဲ့ပါတယ်။ အမျိုးသမီးတဦးကို မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အဖြူမှုန့်တွေ သုံးစွဲခိုင်းတယ် ဆိုတဲ့ စွပ်စွဲချက်တခုလည်း ပါတဲ့အတွက် အဲ့ဒီအမျိုးသမီးရဲ့ ဆေးစစ်ချက်ကို ဆရာဝန်တွေက တင်ပြခဲ့ပါတယ်။

အဲဒီအမျိုးသမီးကို ဇန်နဝါရီလ ၂၄ ရက်က အပေါ်ယံ စစ်ဆေးရာမှာ မူးယစ်ဆေးသုံးစွဲတဲ့ လက္ခဏာ မတွေ့ရပေမဲ့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ဆီးစစ်ရာမှာ ဆီးထဲမှာ အန်မ်ဖက်တမိန်း စိတ်ကြွဆေး သုံးစွဲထားတာတွေ့ရကြောင်း ဆရာဝန်က ထွက်ဆိုခဲ့တယ်လို့ တရားရုံးကိုရောက်ခဲ့တဲ့သူ တစ်ဦးက ပြောပြပါတယ်။

ဒါနဲ့ပတ်သက်လို့ မစ္စတာဒန်ကလေရဲ့ရှေ့နေက ပြန်လှန် မေးခွန်းထုတ်ရာမှာ အဲဒီကြားကာလ တပတ်အတွင်း စိတ်ကြွဆေး သုံးစွဲရင်လဲ ဆီးထဲမှာ အခုလို တွေ့ရှိနိုင်ကြောင်း ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ဒန်ကလေရဲ့ အမှုကို အခုလ ၂၃ ရက်နေ့ကို ထပ်မံချိန်းလိုက်ပါတယ်။

မစ္စတာ ဒန်ကလေရဲ့ အမှုစစ်ဆေးတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေ ကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပြုတယ်လို့ သိရပါတယ်။