ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF ခေါင်းဆောင်တွေ တွေ့။

  • 18 မတ် 2011
U Khin Maung Swe
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ နားလည်မှု ရသွားပြီ လို့ ဦးခင်မောင်ဆွေက ပြော၊

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကနေ ခွဲထွက်သွားတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုအဖွဲ့ရဲ့ ခေါင်းဆောင် နှစ်ဦး ဖြစ်တဲ့ ဒေါက်တာ သန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ ဟာ NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ဒုတိယအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဒီတခါ တွေ့ဆုံမှုက အရင်တခေါက်ကထက် နီးနီးကပ်ကပ် ပိုပြောရတဲ့သဘောမျိုး ရှိတယ်လို့ NDF ပါတီ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ က ဘီဘီစီကို ပြောပါတယ်။

NLD ပါတီကနေ NDF ပါတီ ခွဲထွက်ခဲ့ရတဲ့ အကြောင်းရင်းကို ဒေါ်အောင်ဆန်းစုကြည်က သိလိုတဲ့အတွက် သူတို့ ရှင်းပြခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ရွေးကောက်ပွဲမှာ NLD ပါတီက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး လူမှုရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဖို့ စီစဉ်ခဲ့ရာမှာ သူတို့ကတော့ နိုင်ငံရေးကိုပဲ ဆက်လက် အဓိကထား ဆောင်ရွက်သွားဖို့ စိတ်ဆန္ ရှိခဲ့ကြောင်းနဲ့ NLD ပါတီဝင်တွေကို မထိခိုက်စေချင်တဲ့ အတွက် NDF ပါတီ အဖြစ် သီးခြား ခွဲထွက် တည်ထောင်ခဲ့တာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကို ရှင်းပြခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

တခါ လွှတ်တော်မှာ NDF ပါတီဝင် အချင်းချင်း သဘောထားတွေ ကွဲနေကြတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ပါတီ ၂ရပ် ပေါင်းဖို့ ကိစ္စကိုတော့ မပြောခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့အကြား ရှိနေတဲ့ ကွာဟမှုတွေကို ကြိုးစား ဖြေရှင်းပြီး နားလည်မှု ထူထောင်ဖို့ တွေ့ဆုံခဲ့တာသာ ဖြစ်ပြီး ဒီတွေ့ဆုံမှုဟာ နိုင်ငံရေးကွင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နားလည်မှု ရှိစွာ ပြန်မတ်မတ် ရပ်နိုင်ပြီ ဆိုတဲ့ အနေအထား ရောက်အောင် ဖန်တီးတဲ့ တွေ့ဆုံမှု တခုလို့ ပြောနိုင်ကြောင်း ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်က သူပြောလိုတာတွေကို အားမနာတမ်း ပြောခဲ့ပြီး သူတို့ဖက် ကလည်း ဒေါ်အောင်ဆန်းစုကြည် သိလိုတာတွေကို ရှင်းပြနိုင်ခဲ့ကြောင်း၊ တပါတီထဲမှာ ရှိခဲ့ချိန် ဟိုတုန်းကလို ပွင့်ပွင့်လင်းလင်း ပြောနိုင်ခွင့် ရခဲ့တဲ့ အတွက် သူတို့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် နားလည်မှု ရသွားပြီလို့ ယူဆကြောင်း NDF ပါတီ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ က ဘီဘီစီကို ပြောပါတယ်။