ဂျပန်ရောက်မြန်မာတွေ ဓါတ်ရောင်ခြည်သင့်မှာ စိုးရိမ်နေ

  • 19 မတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂျပန်လူမျိုးတွေဟာ ငယ်စဉ်ကတည်းက ရေဒီယို သတ္တိကြွဓါတ် အကြောင်း သိရှိပြီးဖြစ်

ဂျပန်နိုင်ငံမှာ မြေငလျင်ဒဏ်ကြောင့် ဖူကူ ရှီးမားမှာ ရှိတဲ့ နျူကလီးယား ဓါတ်အား ပေး စက်ရုံက အဏုမြူဓါတ်ပေါင်းဖိုတွေ ပေါက်ကွဲခဲ့တဲ့အတွက် ရေဒီယိုသတ္တိကြွ ဓါတ်တွေ ပြန်နှံ့နေရာ ဂျပန်ရောက် မြန်မာ တွေဟာ ဓါတ်ရောင်ခြည်သင့်မှာကို ဂျပန် နိုင်ငံသားတွေ ထက်ပိုမို ကြောက်ရွံ့စိုးရိမ် နေကြပါတယ်။

တိုကျိုမှာရှိတဲ့လူတွေ အတွက်တော့ ရေဒီယို သတ္တိကြွ ဓါတ်သင့်မှုဟာ သိပ်စိုးရိမ်စရာ မရှိဘူးလို့ ဆရာဝန်တွေက ပြောကြောင်း NHK world အသံလွှင့်ဌာနမှ မြန်မာအမျိုးသမီး မခင်အေးငယ် က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ဂျပန်မှာ ရေဒီယိုသတ္တိကြွဓါတ်ဟာ မြေကြီး၊ အစားအစာနဲ့ လေထဲမှာ ရှိနေပြီး၊ ဒီဓါတ်တွေဟာ လူထဲကို တနှစ် ဘယ်လောက်ဝင်တယ် ဆိုတာကို ဂျပန်လူမျိုး တွေဟာ ငယ်စဉ်အခါတည်းက သူတို့ကျောင်းတွေမှာ သင်ကြားခဲ့ရကာ ဗဟုသုတ ရှိနေပြီဖြစ်လို့ သိပ်မကြောက်ကြကြောင်း သူကပြောပါတယ်။

မြန်မာပြည်သားတွေ အတွက်တော့ ငယ်စဉ်ကတည်းက သင်ကြားခဲ့တာမျိုးမရှိတဲ့အတွက် အခုလိုမျိုး အဏုမြူဓါတ်ပေါင်းဖိုကြီး ထပေါက်ပြီဆိုမှာ သိရ ကြားရတော့ အကြောက်ပို ကြကြောင်းရှင်းပြပါတယ်။

တိုကျိုမြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ တချို့ မြန်မာတွေကတော့ စိုးရိမ်လို့ သူတို့အစီအစဉ်နဲ့ သူတို့ မြန်မာပြည်ကို ပြန်သွားပါတယ်။

ဒါပေမယ့်လည်း ဓါတ်ပေါင်းဖိုပေါက်တဲ့ ဘက်မှာရှိနေတဲ့ ကျောင်းသူကျောင်းသားတွေက တိုကျိုဘက်ကိုလာလို့မရတဲ့အတွက် သူတို့ကို သံရုံးက ကားနဲ့သွားခေါ်မှရမယ်အနေအထားမျိုးရှိနေကြောင်း မခင်အေးငယ်ကပြောပါတယ်။

မြန်မာပြည် ပြန်ဖို့ အဖြစ်နိုင်တဲ့လူတွေကတော့ အားလပ်ရပ်တွေမှာ အပြင်ကိုမထွက်ပဲ အိမ်ထဲ မှာနေကြောင်း၊ အလုပ်အားလပ်ရက် ရတဲ့လူတွေကတော့ အိုဆာကာ၊ ကျိုတို စတဲ့နေရာတွေကို သွားကြ ကြောင်း သူက ဆက်ပြောပါတယ်။

ဂျပန်အာဏာပိုင်တွေကလည်း နျူကလီးယားဓါတ်အားပေးစက်ရုံ ပေါက်ကွဲခဲ့တဲ့ ဖူကူရှီးမား ဒေသထွက် အစားအစာတွေကို ရောင်းချမှုမလုပ်ဖို့ကို ပိတ်ပင်လိုက် ပါတယ်။

အကြောင်းကတော့ အဲဒီဒေသက နို့နဲ့ ဟင်းသီးဟင်းရွက်တွေမှာ အန္တရာယ်အဆင့်ရှိတဲ့ ရေဒီယို သတ္တိကြွ အိုင်အိုဒင်းဓါတ် သင့်နေတာကို တွေ့ရှိခဲ့ရတာကြောင့် ဖြစ်ပါတယ်။