မြဝတီ နေ့စဉ် သတင်းစာ ထုတ်မည်

  • 19 မတ် 2011
newspapers
Image caption လောလောဆယ် မြန်မာ နိုင်ငံမှာ ပုဂ္ဂလိက ဂျာနယ် တပတ် ၁၇၀ ခန့် ထွက်ရှိနေ

မြဝတီ နေ့စဉ် အမည်နဲ့ သတင်းစာ တစောင်ကို တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်နေ့က စပြီး နေပြည်တော်ကနေ ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းစာကို စစ်တပ်က ဦးစီးထုတ်ဝေမှာ ဖြစ်ပြီး လောလောဆယ် ပြန်ကြားရေးက ထုတ်ဝေနေတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ New Light of Myanmar သတင်းစာတွေ အပြင် စတုထ္ထ မြောက် သတင်းစာ ဖြစ်လာမှာပါ။

ခုသတင်းစာဟာ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာ မဟုတ်ဘဲ စစ်တပ်က ထုတ်တာမို့ လက်ရှိ အစိုးရထုတ် သတင်းစာတွေထက် ဘာမှ ထူးခြားမှု ရှိမှာ မဟုတ်ဘဲ ဝါဒဖြန့် စာစောင် တစောင် တိုးလာတာ အပြင် ဒိထက် ထူးခြားမှု ရှိမှာ မဟုတ်ဖူးလို့ ဝါရင့် သတင်းစာ ဆရာကြီး လူထု ဦးစိန်ဝင်းက ပြောပါတယ်။

စစ်တပ်က အာဏာကို တိုက်ရိုက် ထိန်းချုပ်တဲ့ အနေအထားကနေ အရပ်သား အုပ်ချုပ်မှု ပုံစံကို ပြောင်းတဲ့ အပြောင်းအလဲမှာ ဝါဒဖြန့် စာစောင်တခု ရှိဖို့ လိုအပ်တယ်လို့ ယူဆပြီး ထုတ်ဝေပုံ ရတယ်လို့ လူထု ဦးစိန်ဝင်းက မှတ်ချက် ပေးပါတယ်။

လောလောဆယ် စစ်တပ်က ထုတ်နေတဲ့ မဂ္ဂဇင်းတွေ ရှိနေပြီး ဒီမဂ္ဂဇင်းတွေပေါ် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက မေးခွန်း ထုတ်စရာပါ။

မြန်မာ နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာ အဖွဲ့က စာနယ်ဇင်းတွေက အရေးအသားတွေကို တင်းတင်းကြပ်ကြပ် စိစစ်ပြီး လက်ရှိ အရှေ့ အလယ်ပိုင်းက ဆန္ဒပြမှု သတင်းတွေ ဖော်ပြနိုင်တာ မရှိပါဘူး။

နိုင်ငံရေး လွတ်လပ်ခွင့် အာမခံချက် မရှိတဲ့ နိုင်ငံမှာ စာပေ လွတ်လပ်ခွင့် ရှိလာဖို့ ဖြစ်နိုင်ပါ့မလားလို့ ပြည်တွင်း သတင်းစာ ဆရာတွေက မေးခွန်း ထုတ်နေပါတယ်။